Border News Agency
မဏိပူရ၊ စက်တင်ဘာ ၁။
အိန္ဒိယ-မြန်မာနယ်စပ်မဏိပူရပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၁ ဦးကို ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အာသံရိုင်ဖယ်တပ်ဖွဲ့က စက်တင်ဘာလ ၁ ရက်၊ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အာသံရိုင်ဖယ်တပ်ဖွဲ့ဟာ အိန္ဒိယကြည်းတပ်၊မဏိပူရရဲတပ်ဖွဲ့တို့နဲ့ပူးပေါင်းပြီး ဩဂုတ်လ ၃၀ ရက်အထိ တပတ်တာအတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာမှာ အခုလိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း ပြည်သူ့ပြည်ထောင်စု ပြန်လည်ဆန်းသစ်ရေးပါတီ (United Peoples’ Party of Kangleipak -UPPK)၊ ကန်ဂလေပက်အမျိုးသားလွတ်မြောက်ရေးတပ်ဦး (United National Liberation Front – UNLF-K)၊ ကန်ဂလေယိုလ် ကန်ဘာလုပတ် (Kanglei Yawol Kanna Lup – KYKL) နဲ့ ကုကီအမျိုးသားတပ်မတော် (United Kuki National Army – UKNA) စတဲ့အဖွဲ့က တပ်ဖွဲ့ဝင် ၁၁ ဦးကို ဆက်ကြေးကောက်ခံရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊မော်တော်ယာဉ်တွေ၊ လက်ကိုင်ဖုန်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် SLR ၁ လက်၊ INSAS ၁ လက်၊ ပစ္စတို ၉ လက်အပါအဝင် သေနတ်မျိုးစုံ၊ လက်ပစ်ဗုံး ၅ လုံး၊ မော်တာကျည်၊ ကျည်ဆံ ၆၄တောင့်၊ စက်ရေဒီယိုတွေနဲ့အခြားစစ်သုံးပစ္စည်း အများအပြားကိုပါ ရှာဖွေသိမ်းဆည်းရမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူတွေသိမ်းဆည်းရမိတဲ့ စစ်သုံးပစ္စည်းတွေအားလုံးကို ဥပဒေအရဆက်လက်အရေးယူနိုင်ဖို့ မဏိပူရရဲတပ်ဖွဲ့ဆီလွှဲပြောင်းပေးထားပါတယ်။














