Border News Agency
လောင်တလိုင်၊စက်တင်ဘာ ၁။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်မှာ မြန်မာစစ်ဘေးရှောင်တွေနဲ့ နိုင်ငံခြားသားတွေကို နေအိမ်ငှားရမ်းနေထိုင်ခွင့်ပိတ်လိုက်ပါတယ်။
အဲဒီတားမြစ်ချက်ကို ဩဂုတ်လ ၃၁ ရက်နေ့က ပြု လုပ်ခဲ့တဲ့လောင်တလိုင်ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူးဒွန်နီလားလ်ရွတ်ဆန်းအား(Donny Lalruatsanga) ဦးဆောင်တဲ့ တရားဥပဒေစိုးမိုးရေးအစည်းအဝေးမှာဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်၊ဒီနေ့စတင်သက်ရောက်ပါတယ်။
အဲဒီနယ်မြေလုံခြုံရေးအတွက် ဒေသတွင်းဟိုတယ်တွေ၊တည်းခိုခန်းတွေနဲ့ Homestay တွေကို အထူးစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံခြားသားတွေ ဝင်ထွက်သွားလာမှုကိုလည်း ပိုမိုတင်းကျပ်စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ဘေးရှောင်တွေအတွက်တရားမဝင် အထောက်အထားအတုပြုလုပ်ပေးမှုတွေကိုလည်း ခရိုင်အုပ်ချုပ်ရေးအဖွဲ့နဲ့လိုင်လူငယ်များဗဟိုအသင်း (CYLA)ပူးပေါင်းပြီး ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အဲဒီလောင်တလိုင်ခရိုင်ဟာ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင် ဒုတိယအများဆုံးခိုလှုံရာဒေ သဖြစ်ပြီး ဒေသတွင်းမှာမြန်မာစစ်ဘေးရှောင် ၆,၃၂၈ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် ၁,၃၆၁ ဦး၊စုစုပေါင်း ၇,၆၈၉ ဦး ခိုလှုံနေကြပါတယ်။
အဲဒီလောင်တလိုင်ခရိုင်မှာတရားဝင်ဒုက္ခသည်စခန်းတွေဖွင့်ထားပေမယ့် စခန်းပြင်ပမှာ ကိုယ့်အစီအစဉ်နဲ့အိမ်ငှားနေထိုင်သူများပြားတာကြောင့် ခုတားမြစ်ချက်ကြောင့်လက်ရှိအိမ်ငှားနေထိုင်သူတွေနေထိုင်ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။








