Border News Agency
ရန်ကုန်၊ စက်တင်ဘာ ၃။
နီပေါနိုင်ငံနဲ့တရုတ်နိုင်ငံ နယ်စပ်ဒေသမှာဖြစ်ပွားခဲ့တဲ့ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် အာဏာသိမ်းစစ်တပ်က အမေရိကန်ဒေါ်လာ ငါးသိန်းအပြင် မတ်ပဲငါးတန်နဲ့ကုလားပဲသုံး တန်ကို စက်တင်ဘာလ ၂ ရက်နေ့မှာ သွားရောက်လှူဒါန်းခဲ့ပါတယ်။
အဲဒီအလှူငွေနဲ့စားသောက်ကုန်တွေကို အာဏာသိမ်းစစ်တပ်ရဲ့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဒုတိယဝန်ကြီးသန်းစိုးက Y-8 တပ်မတော် လေယာဉ်နဲ့ ရန်ကုန်မြို့မှတဆင့် နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့သို့ သွားရောက်ကာ နီပေါနိုင်ငံ သိပ္ပံ၊နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုဝန်ကြီးဆီ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
ခုလက်ရှိ နီပေါနဲ့တရုတ်နယ်စပ်ဒေသမှာ သြဂုတ်လ ၂၆ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကို သေဆုံးသူ တထောင်နှစ်ရာငါးဆယ်ကျော်အထိ မြင့်တက်လာပြီး လူပေါင်းလေးထောင်ရှစ်ရာ ကျော် ပျောက်ဆုံးနေဆဲလို့ နီပေါရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီရေဘေးသင့်ဒေသတွေမှာ နီပေါတပ်မတော်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လုပ်နေကြပေမယ့် ပိတ်မိနေသူများပြားတာနဲ့ လမ်းပန်းဆက်သွယ်ရေးတွေကြောင့် အခက်အခဲအများကြီးနဲ့ ရင်ဆိုင်နေကြရပါတယ်။


















