Border News Agency
နီပေါ၊ စက်တင်ဘာ ၅။
နီပေါ-တရုတ်နယ်စပ်ဒေသမှာ ရေကြီးရေလျှံမှုတွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဆယ်ရက်အကြာမှာ Upper Trishuli-1 ရေအားလျှပ်စစ် စီမံကိန်းလိုဏ်ခေါင်းအတွင်းပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတဦးကို နီပေါစစ်တပ်က စက်တင်ဘာလ ၅ ရက်၊ဒီနေ့မှာ အသက်ရှင်ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ကယ်ဆယ်ရရှိခဲ့သူမှာ မစ္စတာ Lu Haitao ဆိုသူဖြစ်ပြီး သူ့ကိုရေအားလျှပ်စစ်လိုဏ်ခေါင်းအတွင်း မီတာ ၂၂၅ ခန့်အကွာမှ နီပေါစစ်တပ်နဲ့ နိုင်ငံတကာကယ်ဆယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက ရှာဖွေတွေ့ရှိ ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က နီပေါ-တရုတ်နယ်စပ်မှာဖြစ်ပွားခဲ့တဲ့ ရုတ်တရက်ရေကြီးရေလျှံမှုတွေကြောင့် လက်ရှိအချိန်ထိ နှစ်နိုင်ငံစလုံးမှာ သေဆုံးသူပေါင်း တထောင့်သုံးရာခုနှစ်ဆယ်ငါးဦးအထိ မြင့်တက်လာခဲ့ပါတယ်။
အဲဒီအပြင် ကုလသမဂ္ဂနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေကလည်း ရေဘေးသင့်ပြည်သူတွေကို ကူညီနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၆ သန်း အရေးပေါ် ရန်ပုံငွေခေါ်ယူထားပါတယ်။
လက်ရှိမှာတော့ ကယ်ထုတ်နိုင်ခဲ့တဲ့ တရုတ်နိုင်ငံသားရဲ့ ကျန်းမာရေးအခြေအနေကို ဆေးဝါးကုသ စိစစ်ပေးနေပြီးပျောက်ဆုံးနေသူတွေကိုလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လုပ်နေပါတယ်။











