Border News Agency
ပုဏ္ဏားကျွန်း၊ စက်တင်ဘာ ၆။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ် ခြေကုပ်ယူပြန်သိမ်းဖို့ကြိုးစားနေပေမယ့်ရှေ့မတိုးနိုင်သေးဘဲ နှစ်ဘက်စစ်ရေးတင်းမာနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပြောကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေကို အာဏာသိမ်းစစ်တပ်က ကြည်း၊ရေ၊လေပူးပေါင်းပစ်ခတ်လမ်းရှင်းပြီး ကမ်းတက်ခြေကုပ်ယူပြန်သိမ်းဖို့ကြိုးစားနေတာမို့ မြစ်ကမ်းအနီးတလျှောက်မှာ စစ်ရေးတင်းမာနေတာပါ။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ကွမ်းတောင်၊စပါးထား၊အောင်မြေကုန်းစတဲ့ကျေးရွာတွေအနီးမှာ နှစ်ဘက်စလုံးရှေ့မတိုးနိုင်ကြဘဲ မျက်နှာချင်းဆိုင်စစ်ဆိုင်ထားကြတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
“စစ်တပ်က ကြည်းရေလေပစ်အားတွေကိုသုံးပြီး ရှေ့တိုးဖို့အကြိမ်ကြိမ်ကြိုးစားနေပါတယ်။ တပ်တော်ကတော့နယ်မြေကျွမ်းကျင်မှုအသာယူပြီး အပြင်းအထန်ခုခံနေပါတယ်။ စစ်တပ်ကလေ ကြောင်းအားသာတော့ဘန်ကာတွေ၊လက်နက်ကြီးအထိုင်နေရာတွေကို အပြင်းအထန်လာပစ်နေပါတယ်။ နှစ်ဘက်အကျအဆုံးများပြီး နှစ်ဘက်စလုံးရှေ့မတိုးနိုင်ကြဘဲမျက်နှာချင်းဆိုင်ထားကြပါတယ်။”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင် သုံးမြို့အစပ်ကြားရှိ ကျေးရွာတွေကို စက်တင်ဘာလ ၃ ရက်နေ့၊ နေ့လယ် ၁ နာ ရီ ၃၅ မိနစ်ခန့်မှစတင်ပြီး အာဏာသိမ်းစစ်တပ်တိုက်လေယာဉ်လေးစီးဟာ မိနစ်သုံးဆယ်အတွင်းအကြိမ်သုံးဆယ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ကွမ်းတောင်၊ကုန်းတန်းကြိမ်ချောင်း၊မက္ကလာကျညိုရောင်၊မင်းလှစတဲ့ကျေးရွာကြားကို အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့သလို ရသေ့တောင်မြို့နယ်၊မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာနဲ့ညောင်ပင်ကြီးရွာကြားကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်စတဲ့မြို့နယ်တွေကို စက်တင်ဘာလ ၄ ရက်နေ့၊မနက် ၁၀ နာရီအချိန်က အာဏာသိမ်းစစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒါဟာ အာဏာသိမ်းစစ်တပ်က ကြည်းရေလေ ပူးပေါင်းစစ်ဆင်ရေးလုပ်ပြီးတန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ကြိုးစားနေတာမို့ နှစ်ဘက်အပြင်းထန်ဆုံးတိုက်ခိုက်နေကြပြီး အာရက္ခတပ်တော်က ရှေ့ကာကင်းတခုဆုတ်ပေးလိုက်ရသလို ကျဆုံးဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
“တပ်တော်ကအပြင်းထန်ဆုံးခုခံတိုက်ခိုက်နေပါတယ်။ စစ်တပ်ဖက်ကသာလွန်အင်အားသုံးပြီး လက်နက်ကြီးပစ်အားအများဆုံးသုံးပြီး ရှေ့တိုးဖို့ကြိုးစားနေတာပါ။ ကိုယ့်ဖက်ကရှေ့ကာကင်းတခုဆုတ်ပေးလိုက်ရပြီး တိုင်းပြည်အတွက်ပေးဆက်လိုက်ရသူတချို့ရှိပါတယ်။ စစ်တပ်ကတော့သေတာအများကြီးပါပဲ။ စစ်သားအလောင်းတွေကို စစ်တွေဖက်ကို ပြန်ဆွဲသွားကြပါတယ်။”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီစစ်တွေမြို့ရှိ အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးအထိုင်စခန်းခုနှစ်နေရာက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ပေးသလို စစ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်တင့်ကားနှစ်စီးကလည်း လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီလိုအာဏာသိမ်းစစ်တပ်က လေကြောင်းပစ်ကူအပြင်းအထန်ယူပြီး ကြည်းရေလေပူးပေါင်းပစ်ခတ်နေတာဟာတန်ပြန်ထိုးစစ်ဆင်ဖို့ စစ်ဦးချိုးနေတာဖြစ်သလို လေကြောင်းတိုက်ခိုက်မှုတချို့ထိရောက်မှုရှိနေတယ်လို့ စစ်ရေးစောင့်ကြည့်လေ့လာနေကြသူတွေကဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်ဂူဝဘုရားဟာ အာဏာသိမ်းစစ်တပ်ကပစ်ခတ်လို့ ပျက်စီးသွားခဲ့ပြီးအာဏာသိမ်းစစ်တပ်က စက္ကန်ပိုင်းသာခြားကာ လက်နက်ကြီးတွေအပြင်းထန်
ဆုံးပစ်ခတ်ပေးနေတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
“စစ်တပ်က လက်နက်ကြီးတွေကို စက္ကန့်ပိုင်းသာခြားပြီး အပြင်းထန်ဆုံးပစ်ကူပေးနေတာပါ။ တပ်တော်ဖက်ကပစ်တဲ့နေရာတွေကို အပြင်းထန်ဆုံးပြန်ပစ်ပါတယ်။ နှစ်ဘက်စလုံးကတော့ ဒရုန်းတွေ၊လက်နက်ကြီးတွေ၊လက်နက်ငယ်တွေ အပြင်းထန်ဆုံးပစ်ခတ်တိုက်ခိုက်နေကြတာပါ။ နှစ်ဘက်စလုံးကျပါတယ်။ နှစ်ဘက်စလုံးရှေ့မတိုးနိုင်ကြပါဘူး။”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို မင်းချောင်းတံတားကဆင်းပြီး ခြေကုပ်ယူပြန်သိမ်းဖို့ကြိုးစားနေသလို ရေလမ်းအတိုင်းကမ်းတက်အထိုင်ချဖို့လည်း ကြိုးစားနေတာမို့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိအာရက္ခတပ်တော်ရှေ့ကာကင်းတွေကို ဒရုန်းတွေ၊တိုက်လေယာဥ်တွေနဲ့ အာဏာသိမ်းစစ်တပ်ကအပြင်းထန်ဆုံးတိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒါကြောင့် ကမ်းခြေ၊ချောင်းကမ်းနံဘေးအပါအဝင် မြို့တွေ၊ရွာတွေမှာ အာဏာသိမ်းစစ်တပ်ပစ်ခတ်တိုက်ခိုက်မှုတွေကို အထူးသတိထားကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အသိပေးတိုက်တွန်းထားပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ထိုးစစ်မှာ အာဏာသိမ်းစစ်တပ်က စစ်သည်အင်အားအနည်းဆုံးသုံးထောင်ခန့်ထိအသုံးပြုထိုးစစ်ဆင်နေသလို ဒရုန်းတွေ၊လက်နက်ကြီးတွေ၊ဟော်ဝှစ်ဇာအမြောက်ကြီးတွေ၊တင့်ကားတွေ၊စစ်သုံးအမြန်ရေယာဥ်ငယ်တွေ၊ရေတပ်စစ်သင်္ဘောတွေ၊တိုက်လေယာဥ်တွေအသုံးပြုပြီး
တန်ပြန်ထိုးစစ်ဗျူဟာအတိုင်း တိုက်ခိုက်နေတာလို့ စစ်ရေးစောင့်ကြည့်လေ့ လာနေကြသူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်သလို အချိန်ပိုကြာလာရင် တိုက်ပွဲဧရိယာတွေပိုကျယ်ပြန့်လာခဲ့ရင် ဒေသခံတွေ ထပ်မံစစ်ဘေးရှောင်ထွက်ပြေးရသူတွေ ပိုများလာနိုင်တယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။







