Border News Agency
ထိုင်း၊စက်တင်ဘာ ၂၈။
ထိုင်းနိုင်ငံတဝှမ်းမှာ ရေကြီးရေလျှံမှုအခြေအနေဆိုးရွားနေဆဲဖြစ်ပြီး အိမ်ထောင်စုတသိန်းခုနှစ်သောင်းလေးထောင့်ရှစ်ရာကျော်နဲ့ လူဦးရေငါးသိန်းလေးသောင်းငါးထောင်ထိခိုက်ခဲ့ရတယ်လို့ ထိုင်းသတင်းဌာနတွေမှာဖော်ပြပါတယ်။
ဘန်ကောက်မြို့မှာ စက်တင်ဘာလ ၂၄ ရက်နေ့ကတည်းက မိုးရေချိန်မီလီမီတာသုံးရာကျော်ရွာသွန်းခဲ့တာကြောင့် ခရိုင်နှစ်ဆယ့်ငါးခု၊ မြို့နယ်ခွဲတရာ့နှစ်ဆယ့်ရှစ်ခု၊ ကျေးရွာအုပ်စုငါးရာ့ရှစ်ဆယ်ခုနှစ်နဲ့ ရွာပေါင်းနှစ်ထောင့်ငါးရာထိခိုက်ခံစားခဲ့ရပါတယ်။
ရေကြီးမှုကြောင့်ထိခိုက်ခံစားရတဲ့ အိမ်ထောင်စုငါးသောင်းနှစ်ထောင်ခန့်ရှိပြီး ဘန်ကောက်မြို့တော်က မြို့နယ်ငါးဆယ်ကို ရေဘေးသင့်ဇုန်အဖြစ်ကြေညာထားပြီး ယာယီခိုလှုံရာနေရာတွေ ဖွင့်လှစ်ထားပါတယ်။
လတ်ဖရာအို – ဘန်ကပီဒေသမှာ ရေကြီးတာတွေဆက်တိုက်ဖြစ်နေပြီး စက်တင်ဘာလ ၂၈ ၊ဒီနေ့ မနက်မှာ လတ်ဖရာအို ၁၀၁ လမ်းဆုံမှာ လမ်းမျက်နှာပြင်အထိရေမြင့်တက်လာနေပြီး မိုးရွာတာလျော့လာနေပေမယ့် ရေကြီးနိုင်တဲ့အန္တရာယ်ဆက်ရှိနေတယ်လို့ ထိုင်းမိုးလေဝသဌာန TMD က ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသအချို့မှာ နောက်ရက်ထိမိုးကြီးတာတွေဖြစ်ပေါ်နိုင်ပြီး မြေနိမ့်ပိုင်း၊ တောင်စောင်းတွေနဲ့ ရေလမ်းကြောင်းအနီး နေထိုင်သူတွေအနေနဲ့ရေကြီးတာကိုသတိပြုကြဖို့ TMD ကသတိပေးထားပါတယ်။




















