Border News Agency
ကျောက်တော်၊စက်တင်ဘာ ၂၉။
အာဏာသိမ်းစစ်တပ်ဟာစာသင်ကျောင်း၊ ဆေးရုံ၊ ဈေးနဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာရပ်ကွက်၊ကျေးရွာတွေကို အဓိကပစ်မှတ်ထားပြီး လေကြောင်းက ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေမှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနဲ့ တာဝန်ရှိသူတွေကို ထိရောက်စွာလက်တုံ့ပြန်သွားမယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ထုတ်ပြန်လိုက်ပါတယ်။
ကျောက်တော်မြို့၊အိန္ဒိယဈေးနဲ့ကစ္ဆပနဒီတံတား အနီးဝန်းကျင်ကို စက်တင်ဘာလ ၂၈ ရက်၊နေ့လည် ၁၂ နာရီကျော်အချိန်ကစစ်တပ်ကပေါင် ၅၀၀ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄၉ ဦး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ပြီး ၅၈ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီအပြင် အဥ္ဇနပူရ၊သံတွဲနဲ့ ငပလီမြို့နယ်ကိုလည်း အဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
စစ်မြေပြင်မှာ အဘက်ဘက်ကရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ အပြစ်မဲ့ပြည်သူတွေနဲ့လူနေအဆောက်အအုံတွေကိုပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေကို နေ့စဉ်ရက်ဆက် ကျူးလွန်နေတာလို့ ULA က ဆိုပါတယ်။
အဲဒီလေကြောင်း တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အမိန့်ပေးသူ၊ပါဝင်ပတ်သက်သူနဲ့ ဆက်စပ်အဖွဲ့အစည်းအားလုံးကို အထူးမှတ်တမ်းတင်ထားပြီး မနှေးမကြာ အချိန်အတွင်း ထိုက်တန်တဲ့တုံ့ပြန်မှုတွေ ပြုလုပ်သွားမယ်လို့ULA/AA က အသိပေးထုတ်ပြန်ထားပါတယ်။






