Border News Agency
ထားဝယ်၊ စက်တင်ဘာ ၃၀။
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံတာနဲ့ တောင်ပြိုကျတာတွေကြောင့် သေဆုံးသူ သုံးဆယ့်နှစ်ဦးအထိရှိလာတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်(TNF)က စက်တင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ထားဝယ်၊လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တွေမှာတောင်ပြိုကျတာတွေကြောင့် အရပ်သားပိုင်နေအိမ်အဆောက်အအုံပေါင်း နှစ်ရာခြောက်ဆယ်ကျော်နဲ့ တံတားဆယ်စင်းပျက်စီးခဲ့ရသလို ပျောက်ဆုံးနေသူတဆယ့်နှစ်ဦးနီးပါးရှိနေသေးတာပါ။
အဲဒီနေရာတွေမှာ ရေတွေပြန်ကျသွားပေမယ့် တောင်စောင်းတွေထပ်မံပြိုကျနိုင်တဲ့ အန္တရာယ်နဲ့မြေမြှုပ်မိုင်း အန္တရာယ်တွေရှိနေတာကြောင့် ဒေသခံပြည်သူတွေ အိမ်မပြန်နိုင်သေးဘဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေရပါတယ်။
သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ဒေသခံပြည်သူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းအကူအညီတွေ အရေးပေါ် လိုအပ်နေနေပါတယ်။







