Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၃၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ အိန္ဒိယဈေးကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရမှုအပေါ်ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က စက်တင်ဘာလ ၃၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ကျောက်တော်မြို့ရှိ လူမျိုးဘာသာပေါင်းစုံ ရောင်းဝယ်ဖောက်ကားနေတဲ့ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတား အနီးဝန်းကျင်ကို စက်တင်ဘာလ ၂၈ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်ကတိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အဲဒီလေကြောင်းတိုက်ခိုက်မှုဟာ စစ်ရေးပစ်မှတ်နဲ့ လုံးဝမသက်ဆိုင်ဘဲ အပြစ်မဲ့အရပ်သားပြည်သူတွေကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအပါအဝင် ပြည်သူငါးဆယ် ဦးသေဆုံးခဲ့ကာ ခြောက်ဆယ်ဦးဝန်းကျင်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်မျက်နှာပြင်တွေမှာတပ်လန်ရှုံးနိမ့်နေတာကြောင့် ရှုံးမဲမဲကာ အရပ်သားတွေကိုပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေကို နေ့စဉ်ရက်ဆက်ကျူးလွန်နေတာဖြစ်တယ်လို့လည်းဆိုပါတယ်။
အဲဒီအပြင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့အတွက် သွေးချင်းမဟာမိတ်ဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နဲ့အတူ တလုံးတဝတည်း ဆက်လက်ပူးပေါင်းကာ အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။






