Border News Agency
နေပြည်တော်၊အောက်တိုဘာ ၁၅။
ပြည်နယ်တခုဟာ လူမျိုးတမျိုးတည်းရဲ့ပိုင်ဆိုင်မှုမဟုတ်ဘဲ အဲဒီဒေသမှာနေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တာကြောင့် ပြည်ထောင်စုစိတ်ဓာတ်မွေးမြူကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့ကို အောက်တိုဘာလ ၁၅ ရက်၊ဒီနေ့မှာပြုလုပ်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဒေါ်စောမြရာဇာလင်းအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တချို့ သွားရောက်တွေ့ဆုံစဉ်ပြောတာပါ။
စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ငြိမ်းချမ်းရေးရယူပြီးရင်နိုင်ငံရေး၊ စီးပွားရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေမှာ သက်ဆိုင်ရာဥပဒေတွေနဲ့အညီပါဝင်နိုင်သလို အရပ်သားပြည်သူတွေလို လုံခြုံစွာ နေထိုင်နိုင်တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးကျရှုံးနေချိန်တွေမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပြည်ထောင်စုစိတ်ဓာတ်ခေါင်းစဉ်တွေကိုအသုံးချပြီး စကားလုံးလှလှတွေနဲ့ သွေးခွဲစည်းရုံးလေ့ရှိတယ်လို့ နိုင်ငံရေး လေ့လာသူတွေက ထောက်ပြကြပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ဟာ အာရက္ခဒေသအပါအဝင် တိုင်းရင်းသားဒေသအများအပြားမှာ အရပ်သား ပြည်သူတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို လေကြောင်းမှဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် စစ်ခေါင်းဆောင်ရဲ့ပြောဆိုချက်တွေဟာ လက်တွေ့နဲ့လုံးဝကွဲလွဲနေဆဲဖြစ်ပါတယ်။



















