Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၆။
နိုင်ငံတော်မှာ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကြားပြည်သူ့ဆန္ဒနဲ့အညီရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တဆယ့်တနှစ်မြောက် နှစ်ပတ်လည်နေ့မှာစစ်ခေါင်းဆောင်က ခုလိုပြောပါ။
အဲဒီအပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိအောင် အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်သလို စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးကို ဆက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။
ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပြီး သဘောထားကွဲလွဲမှုတွေကို တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်မယ်လို့ ယုံကြည်တယ်လို့လည်းဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ မဲစာရင်းကောက်ယူတာနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ပြောဆိုနေပေမယ့် မြေပြင်မှာတော့ နိုင်ငံတဝှမ်းမြို့နယ်အများအပြားကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ နယ်မြေလက်လွှတ်ဆုံးရှုံးနေရတာဖြစ်ပါတယ်။
အဲဒါကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ စေ့စပ်ဆွေးနွေးသူတွေကတော့ စစ်တပ်ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိနိုင်သလို စစ်တပ်ရဲ့ အာဏာဆုပ်ကိုင်ထားမှုကို သက်တမ်းတိုးဖို့နဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရဖို့ ကြိုးပမ်းတဲ့ ဟန်ပြရွေးကောက်ပွဲသာ ဖြစ်ကြောင်း ဝေဖန်ထောက်ပြကြပါတယ်။










