Border News Agency
ချွန်ဘူရီ၊ အောက်တိုဘာ ၁၆။
ထိုင်းနိုင်ငံ၊ချွန်ဘူရီပြည်နယ်၊ ဘိုးသောင်းမြို့နယ်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ လိုက်ပါလာတဲ့ ခြောက်ဘီးထရပ်ကားတစီးလမ်းဘေးကို တိမ်းမှောက်တဲ့မတော်တဆမှုဖြစ်
ပွားခဲ့ပါတယ်။
အဲဒီယာဉ်ဟာ အောက်တိုဘာလ ၁၅ ရက်၊ညနေ ၅ နာရီခွဲအချိန်က လုပ်သားခြောက်ဆယ်ဦးခန့်ကိုတင်ဆောင်လာစဉ် ကားဘရိတ်ပေါက်သွားပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့တာလို့ ယာဉ်မောင်းကထွက်ဆိုထားပါတယ်။
မတော်တဆမှု ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်သားတွေ၊ ဆေးရုံဝန်ထမ်းတွေနဲ့ ဒေသခံတွေက ဒဏ်ရာရရှိခဲ့ကြတဲ့ မြန်မာလုပ်သားတွေကို အမြန်ဆုံးကူညီကယ်ဆယ်ပြီး ဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ကြပါတယ်။
အဲဒီယာဉ်မှောက်မှုကြောင့် ဒဏ်ရာရရှိသူ ငါးဆယ့်ကိုးဦးကို ဆေးရုံတွေကို တင်ပို့ကုသထားပြီး ထိခိုက်ဒဏ်ရာရသူတွေရဲ့ အတိအကျစာရင်းကို တာဝန်ရှိသူတွေက ဆက်လက်အတည်ပြုနေဆဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွင်း သွားလာလှုပ်ရှားနေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးနဲ့ လူအင်အားများပြားစွာ တင်ဆောင်တဲ့ယာဉ်လိုင်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးကြပ်မတ်မှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။










