Border News Agency
ထိုင်း၊အောက်တိုဘာ ၁၆။
မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုးတက်စေရေးအတွက် အကြမ်းဖက်မှုတွေကိုလျှော့ချပြီး အပြန်အလှန် ယုံကြည်မှုတည်ဆောက်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba က တိုက်တွန်းပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တဆယ့်တနှစ်မြောက် နှစ်ပတ်လည်နေ့မှာ ထိုင်းသံအမတ်ကြီးက ခုလိုထည့်သွင်းပြောတာပါ။
မြန်မာနိုင်ငံရဲ့အနာဂတ်ကို သက်ဆိုင်သူအားလုံးပါဝင်လျက် “မြန်မာနိုင်ငံကသာ ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံကသာ ဦးဆောင်ရမည်” ဆိုတဲ့မူကို ထိုင်းနိုင်ငံကယုံကြည်ထားသလို ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် ပိုမိုကျယ်ပြန့်ဆွေးနွေးမှုတွေပြုလုပ်နိုင်မယ့် ပတ်ဝန်းကျင်ကောင်းဖန်တီးပေး ဖို့လိုအပ်တယ်လို့လည်းဆိုပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းတည်ငြိမ်ရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတာကြောင့် အာဆီယံမူဘောင်အတွင်းမှနေပြီး အပြုသဘောဆောင်တဲ့ ပူးပေါင်းပါဝင်မှုတွေကို မြှင့်တင်ပေးဖို့အသင့်ရှိတယ်လို့လည်းပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာဆီယံဘုံသဘောတူညီချက်တွေကိုလစ်လျူရှုပြီး တိုင်းရင်းသားဒေသတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို လေကြောင်းဆက်တိုက်တိုက်ခိုက်နေတာပါ။
အဲဒါကြောင့် စစ်တပ်ရဲ့လက်ရှိမြေပြင်လုပ်ရပ်တွေဟာ ထိုင်းနိုင်ငံအပါအဝင်နိုင်ငံတကာရဲ့ တိုက်တွန်းချက်တွေ၊ငြိမ်းချမ်းရေး မူဘောင်တွေနဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။










