Border News Agency
မဲဆောက်၊ အောက်တိုဘာ ၁၇။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေကို အာဏာသိမ်းစစ်တပ်က ထုတ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) မပြုလုပ်ကြဖို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT) ကဦးဆောင်ပြီး ကမ်ပိန်း ပြုလုပ်နေပါတယ်။
အာဏာသိမ်းစစ်တပ်က ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ထိုင်းရောက်မြန်မာအလုပ်သမားတွေဆီကနေ အခွန်ငွေတွေ အတင်းအကြပ်ကောက်ခံနေတာကြောင့် အခုလို မပြုလုပ်ရေးကမ်ပိန်းကို လှုပ်ရှားဆောင်ရွက်ရတာဖြစ်ပါတယ်။
အဲဒီကမ်ပိန်းမှာ CI စာအုပ် မပြုလုပ်ရေး၊ CI နဲ့ Passport မလိုဘဲ ပန်းရောင်ဘတ်နဲ့ Work Permit တွဲကာ ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ခွင့်ရရှိရေး အပါအဝင် မလိုလားအပ်တဲ့အခွန်ဆောင်ရမှုတွေကို ငြင်းဆန်ရေး တောင်းဆိုချက်တွေပါဝင်ပါတယ်။
အဲဒီအပြင် ဗီဇာမရှိဘဲ Work Permit သက်တမ်းတိုးခွင့်ရရှိရေးနဲ့ Work Permit နဲ့တွဲပြီး ပန်းရောင်ဘတ်နဲ့ ဗီဇာထုတ်ပေးနိုင်ရေးအတွက်လည်း အလုပ်သမားရေးဆောင်ရွက်သူတွေက တောင်းဆိုထားကြပါတယ်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ မတရား အခွန်ကောက်ခံနေမှုကို ငြင်းဆန်တွန်းလှန်တဲ့အနေနဲ့ ခုကမ်ပိန်းမှာ တက်ကြွစွာပူးပေါင်းပါဝင်ပေးကြဖို့ အလုပ်သမား ညှိနှိုင်းရေးကော်မတီက တိုက်တွန်းထားပါတယ်။

















