Border News Agency
နေပြည်တော်၊ နိုဝင်ဘာ ၆။
အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က လစ်လပ်နေတဲ့မဲဆန္ဒနယ်တွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် ၂၀၂၇ ခုနှစ်၊ဧပြီလ ၄ ရက်နေ့မှာ ကျင်းပသွားမယ်လို့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
အဲဒီကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၃၄ နယ်၊အမျိုးသားလွှတ်တော် (FPTP) မဲဆန္ဒနယ် ၅ နယ်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် (FPTP) မဲဆန္ဒနယ် ၁၆ နယ်တို့ပါဝင်မယ်လို့ ဆိုပါတယ်။
လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ် လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေအတွက် ကျင်းပတာလို့ ဖော်ပြထားပြီး ရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ်တွေထဲမှာ လက်ရှိ စစ်ရေးမတည်ငြိမ်သေးတဲ့ ဒေသအများအပြားလည်း ပါဝင်နေတာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ တရားမဝင်သလို ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုကြောင်း တော်လှန်ရေး အင်အားစုတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းက ထောက်ပြဝေဖန်ထားကြပါတယ်။
အဲဒီအပြင် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာဟာ ပြည်သူတွေကို ပိုမို ဘေးအန္တရာယ်ဖြစ်စေနိုင်တယ်လို့လည်း မြေပြင် စောင့်ကြည့်သူတွေက သုံးသပ်နေကြပါတယ်။








