Border News Agency
မလေးရှား၊ နိုဝင်ဘာ ၆။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးသူတွေထဲက သက်တမ်း နှစ်နှစ်နဲ့အထက် ပြတ်တောက်နေသူတွေအနေနဲ့ သက်တမ်းပြတ် ဒဏ်ကြေး မလေးရှားရင်းဂစ် ၆၀ ပေးဆောင်ရမယ်လို့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ကြေညာပါတယ်။
အဲဒီသက်တမ်းလွန် ဒဏ်ကြေး ကောက်ခံမှုဆိုင်ရာပြောင်းလဲ သတ်မှတ်ချက်တွေကို နိုဝင်ဘာလ ၅ ရက်နေ့က စတင်ပြီး ကျင့်သုံးဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
နိုင်ငံကူးလက်မှတ်သက်တမ်းကျန်ရှိသူတွေအတွက် ဒဏ်ကြေး ပေးဆောင်ဖို့ မလိုပေမယ့်
သက်တမ်းငါးနှစ်နဲ့အထက် ပြတ်တောက်နေရင် သံရုံးကသက်တမ်းတိုးပေးမှာမဟုတ်ဘဲ မြန်မာနိုင်ငံမှာ ပြန်လည် ဆောင်ရွက်နိုင်ရေးအတွက် တကြိမ်တခါသုံး C of I လက်မှတ်သာ ထုတ်ပေးမယ်လို့ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေမှာ သံရုံးတွေရဲ့
အဆင်မပြေမှု၊ အချိန်ကြန့်ကြာမှုတွေအပြင် ဝင်ငွေခွန်ဆက်ကြေး ကောက်ခံမှုတွေကြောင့် ပတ်စပို့ သက်တမ်းပြတ်တောက်မှုတွေပိုမို ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ရဲ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြား သံရုံးသို့ သွားရောက် သက်တမ်းတိုးဖို့ စိုးရိမ်နေကြရချိန်မှာ ခုလိုဒဏ်ကြေးနဲ့ C of I လက်မှတ် ထုတ်ပေးမယ့်မူဝါဒတွေဟာ ရွှေ့ပြောင်းလုပ်သားတွေအပေါ် ပိုမို ဖိအားဖြစ်စေတယ်လို့ မြေပြင် ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်သူတွေက သုံးသပ်ကြပါတယ်။






