Border News Agency
စစ်ကိုင်း၊နိုဝင်ဘာ ၆။
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်မှာ စစ်ဘေးရှောင်တွေဆီကရိက္ခာလုဖို့ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ တဦး သေဆုံးသွားတယ်လို့ အမှတ် ၂ ရွှေဘိုခရိုင်စစ်ဌာန၊ တပ်ရင်းကထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို နိုဝင်ဘာလ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဟံလင်းကျေးရွာရှိ စစ်တပ်အထိုင်စခန်းက စစ်ဘေးရှောင်တဲတွေမှာ ရိက္ခာလုဖို့ ထွက်လာချိန် စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ကာ MA3 သေနတ်တလက်လည်း သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်တပ်အထိုင်စခန်း အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ် အလိုကျ အားပေးအားမြောက် မလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တောင်းဆိုထားပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး အန္တရာယ်တွေကိုလည်း ဒေသခံတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ PDF တပ်ရင်းက နှိုးဆော်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို စစ်ကြောင်းထိုးပြီး ဒေသခံတွေရဲ့ ရိက္ခာနဲ့ ပစ္စည်းတွေကို မကြာခဏ လုယက်ဖျက်ဆီးလေ့ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။








