Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၆။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့နယ်ကိုအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီ မြောက်ဦးမြို့နယ်၊နန်းကျားရွာထဲကို နိုဝင်ဘာလ ၅ရက်၊ည ၁၁နာရီကျော်အချိန်ခန့်က အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက်သုံးဆယ်ငါးနှစ်အရွယ်ကိုယ်ဝန်ဆောင် အဒေါ်သဲသဲမွန်သေဆုံးသွားပြီး တဆယ်ကျော်ဒဏ်ရာရရှိခဲ့ကာ နေအိမ်တွေလည်းပျက်စီးခဲ့ပါတယ်။
မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်၊ငွေတောင်ပေါက်တံတားအနီးရှိ ယာယီသားဖွားဆေးရုံကို နိုဝင်ဘာလ ၁ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ လသားအရွယ်ကလေးငယ်တဦးအပါအဝင် အရပ်သားငါးဦး သေဆုံးပါတယ်။
အာဏာသိမ်းစစ်တပ်ဟာအရပ်သားပြည်သူတွေနေထိုင်ရာ မြို့၊ကျေးရွာ၊ဆေးရုံ၊ဆေးခန်းတွေကို လေကြောင်းကနေရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးသူငယ်အပါအဝင်သက်ကြီးရွယ်အိုတွေအများအပြား သေဆုံးဒဏ်ရာရနေကြပါတယ်။






