Border News Agency
ထိုင်း၊ နိုဝင်ဘာ ၁၄။
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်ထားတဲ့ မြန်မာအလုပ်သမားခေါင်းဆောင်ဗီရာဆန်သောင်ဟာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေဆီကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod က ဖော်ပြပါတယ်။
နိုင်ငံသားမှတ်ပုံတင်စာရွက်စာတမ်းတွေကို တရားမဝင်အသုံးပြုမှုနဲ့ ကန်ချနဘူရီပြည်နယ်တရားရုံးက နိုဝင်ဘာလ ၉ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ကန်ချနဘူရီရဲစခန်းရှိ တာဝန်ရှိသူတွေဆီ လာရောက်အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။
တကယ့်အမည်ဆူရတ်ခီရီ လို့သိရတဲ့ ဗီရာဆန်သောင်ဟာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ဘဝမြှင့်တင်ရေးအတွက် လုပ်ဆောင်နေတဲ့ Bright Future အဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်သလို အလုပ်သမားတွေဆီကနေ အခွန်ကောက်ခံတာနဲ့ နေရပ်ကို မဖြစ်မနေ ငွေလွှဲခိုင်းတာတွေကို ဆန့်ကျင်ကန့်ကွက်ခဲ့သူဖြစ်ပါတယ်။
သူဟာ ထိုင်းနိုင်ငံမှာ မွေးဖွားကြောင်းပြောဆိုပြီး ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားခဲ့ရာမှာ သက်သေထွက်ဆိုချက်တွေကွဲလွဲနေတဲ့အတွက် တာဝန်ရှိသူတွေက နိုဝင်ဘာလအတွင်းမှာ သူ့ရဲ့ မွေးစာရင်းကို ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ သူဟာ တရားမဝင် ဝင်ရောက်လာသူဖြစ်ကြောင်း တွေ့ရှိခဲ့ရတဲ့အတွက် နိုင်ငံသားအဖြစ်ကိုရုပ်သိမ်းခဲ့ပြီး အခုလိုဖမ်းဝရမ်းထုတ်ခံခဲ့ရတာဖြစ်ပါတယ်။






