Border News Agency
မြောက်ဦး၊ သြဂုတ် ၂၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့ကို ဩဂုတ်လ၂၅ ရက်နေ့ညကစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၁၃ ဦးသေ ဆုံးသွားပါတယ်။
မြောက်ဦးမြို့၊ အောင်တပ်အုပ်စု၊ ဒိုင်းကျီရပ်ကွက်ကို သြဂုတ်လ ၂၅ ရက်နေ့ည ၁၁ နာရီကျော်အချိန်က စစ်ကော်မရှင်တပ်က လေကြောင်းမှပေါင်းငါးရာဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အဲဒီဗုံးဟာ ဒိုင်းကျီရပ်ကွက်ရှိစိုက်ပျိုးရေးဂိုဒေါင်အနီး ကျရောက်ပေါက်ကွဲပြီးအနီးရှိအရပ်သားပြည်သူတွေ သေ ဆုံးဒဏ်ရာရခဲ့ကြတာပါ။
အဲဒီအထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေလည်းပါဝင်ပြီး ဒဏ်ရာပြင်းထန်သူတွေလည်းပါဝင်ပါတယ်။
အဲဒီအပြင်လူနေအိမ်တွေလည်း တစစီပျက်စီးသွားခဲ့သလို မြေကျင်းကြီးတွေထိဖြစ်သွားခဲ့ပြီးမိသားစုလိုက်သေဆုံးသွားကြသူတွေလည်း ရှိပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို လေယာဥ်တွေ၊ဒရုန်းတွေနဲ့လေကြောင်း ကင်းထောက်တာတွေ နေ့စဥ်ရက်ဆက်ပြုလုပ်နေပါတယ်။
စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူနေရာတွေကို ရည်ရွယ်ချက်ရှိရှိလေကြောင်းလေကြောင်းတိုက်ခိုက်မှုတွေနေ့စဥ်လိုလိုပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရနေကြပါတယ်။
အဲဒီသေဆုံးသူစာရင်းကို Border News Agency က လက်လှမ်းမီသလောက်ပြုစုဖော်ပြထားပါတယ်။
အဲဒီအပြင် ဒဏ်ရာရသူစာရင်းကိုလည်းလက်လှမ်းမီသလောက်ပြုစုနေပြီးဆက်လက်ဖော်ပြပေးပါမယ်။
နောက်ဆက်တွဲအခြေအနေတွေကိုလည်း ဆက်လက်ဖော်ပြပေးပါမယ်။























