Border News Agency
မြောက်ဦး၊စက်တင်ဘာ ၁၈။
ဘရာဇီးရဲ့သေးငယ်လွန်းလှတဲ့ ဇီပါယာ(Xipaya)ဌာနေတိုင်းရင်းသားလူမျိုးစုခေါင်းဆောင်ဖြစ်သူ ဂျူးမားဇီပိုင်းယား(Juma Xipaia)ဟာ အမေဇုန်တောအုပ်ထဲက ဌာနေတိုင်းရင်းသားတွေရဲ့ နယ်မြေကို ကာကွယ်ဖို့အတွက် ဆောင်ရွက်ချက်တွေကြောင့် ခြောက်ကြိမ်တိုင်တိုင်လုပ်ကြံသတ်ဖြတ်ခံရမှုကို ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီဇီပါယာလူမျိုးစုတွေဟာ ၂၀၂၃ ခုနှစ်ကထုတ်ပြန်တဲ့ ဘရာဇီးအစိုးရရဲ့ စာရင်းဇယားတွေအရ လူဦးရေဟာ ၂၄၀ ကျော်ပဲရှိတော့တယ်လို့ ဆိုပါတယ်။
အဲဒီဇီပါယာလူမျိုးစုတွေဟာ ရေကြောင်းသွားလာမှုနဲ့ အုဘစ်(ubas)ဗိုက်ပြားက နူးလှေတွေတည်ဆောက်တာမှာ ထူးချွန်ကြတယ်လို့လည်း ဆိုပါတယ်။
ထူးခြားတဲ့ယဉ်ကျေးမှုပုံစံတွေနဲ့ ရိုးရာမြေယာတွေကို ကာကွယ်သူတွေလို့ နာမည်ရှိကြပေမယ့် သူတို့ဟာ နေရာရွှေ့ပြောင်းခံရတာ၊အကြမ်းဖက်ခံရတာ၊အ တင်းဓမ္မစေခိုင်းခံရတာတွေကို ရာစုနှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသူတွေဖြစ်ပါတယ်။
ဘရာဇီးရဲ့ပါရာ(Pará)ပြည်နယ်ထဲက အီရီရီ(Iriri)နဲ့ကုရုအာ(Curuá)မြစ်ဝှမ်းဒေသမှာ ဇီပါယာလူမျိုးစုတွေနေထိုင်ကြပါတယ်။
၁၇ ရာစု မှတ်တမ်းတွေအရ ဇီပါယာလူမျိုးစုတွေဟာ ဇင်ဂုမြစ်(Xingu)အထက်ပိုင်းနေရာတွေမှာ နေထိုင်ခဲ့သူတွေဖြစ်တယ်လို့လည်းဆိုပါတယ်။
ဥရောပသားတွေရောက်လာပြီးနောက်မှာ ဇီပါယာတွေအပါအဝင် ကုရွာရာ(Kuruaya)၊ဂျူရုနာ(Juruna)နဲ့အာရာရာ (Arara)လူမျိုးစုတွေဟာ မောင်းထုတ်ခံခဲ့ရပါတယ်။
အဲဒီလူမျိုးစုတွေရဲ့နေရာတွေဟာ မြေဩဇာကောင်းသလို ရွှေထွက်ပါတယ်။
အဲဒီလိုရေခံမြေခံကောင်းမွန်မှုတွေကပဲ ဇီပါယာလူမျိုးစုတွေကို မြေသိမ်းခံရတာ၊မောင်းထုတ်ခံရတာ၊တခြားခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရတာတွေကို ဖြစ်လာစေခဲ့ပါတယ်။
လက်ရှိမှာလည်း ဇီပါယာလူမျိုးစုတွေဟာ တရားမဝင်သတ္တုတူးဖော်မှု၊သစ်ထုတ်ယူမှုနဲ့ဘီလိုမွန်တီဆည်(Belo Monte Dam)လို အကြီးစားအခြေခံအ ဆောက်အအုံစီမံကိန်းတွေကြောင့် မြေသိမ်းခံရတာ၊ခြိမ်းခြောက်ခံရတာတွေကို ရင်ဆိုင်နေရပါတယ်။
မကြာသေးခင်နှစ်တွေမှာ ဇီပါယာလူမျိုးစုအတွင်း ခေါင်းဆောင်မှုထဲမှာအပြောင်းအလဲတွေရှိလာခဲ့ပါတယ်။
ရိုးရာအစဉ်အလာအရ အမျိုးသားတွေကပဲကြီးစိုးလေ့ရှိတဲ့ လူမျိုးစုအကြီးအကဲနေရာကို အမျိုးသမီးဖြစ်တဲ့ဂျူးမားဇီပိုင်းယား(Juma Xipaia)က ရရှိလာပါတယ်။
တရားမဝင်ရွှေတူးဖော်မှုတွေက သစ်တောတွေကို ပျက်စီးစေပါတယ်။မြစ်ချောင်းတွေကိုလည်း ပျက်စီးစေပါတယ်။ပိုဆိုးတာက ဒေသခံလူထုအမှီသဟဲပြုနေရတဲ့မြစ်ရေမှာ ပြဒါးအဆိပ်အတောက်တွေသင့်ကုန်ပါတယ်။
မှောင်ခိုဂိုဏ်းတွေ၊ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်စပ်လာပါတယ်။ရာဇဝတ်မှုတွေ၊ အခွင့်အရေးချိုးဖောက်ခံရမှုတွေက ရှိလာပါတယ်။
ဌာနေတိုင်းရင်းသူအမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊မုဒိမ်းမှုတွေ ရှိလာပါတယ်။
အစိုးရက ရေကာတာဆောက်ဖို့စီစဉ်တဲ့အခါ လုပ်သားထောင်ပေါင်းများစွာက ရောက်ရှိလာပြန်ပါတယ်။
အဲဒီနေရာမှာလည်း ဒေသခံဌာနေအမျိုးသမီးတွေအဖို့ လိင်ပိုင်းဆိုင်ရာချိုးဖောက်ခံရမှု၊ခြိမ်းခြောက်ခံရမှုတွေနဲ့အတူမရှောင်လွှဲနိုင်တဲ့၊ကူးစက်လာခဲ့တဲ့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေတခါရှိလာပြန်ပါတယ်။
အဲဒီလိုနဲ့ဂျူးမားဇီပိုင်းယားဟာ စင်ဂု (Xingu)မြစ်လယ်ပိုင်းဒေသက ဇီပါးယားတိုင်းရင်းသားပိုင် မြေဧက ၁၇၉ ,၀၀၀ ကို ကာကွယ်ရန်ကြိုးပမ်းလာခဲ့ရပါတယ်။
ဒါပေမယ့် သူမရဲ့လုပ်ဆောင်မှုက မြေယာကိစ္စလောက်ပဲမဟုတ်ပါဘူး။စောစောကပြောခဲ့တဲ့ နောက်ဆက်တွဲအခွင့် အရေးချိုးဖောက်ခံရမှုတွေအတွက်ပါ တရားမျှတမှရရှိဖို့ကိစ္စကိုပါဆောင်ရွက်လာရတာပါ။
သူမလူမျိုးစုရဲ့ခေါင်းဆောင်တာဝန်ကိုယူခဲ့ရချိန်မှာ သူမအသက်က ၂၄ နှစ်ရှိပါပြီ။
သစ်ခိုးထုတ်မှု၊မှောင်ခိုရွှေတူးဖော်မှုအပါအဝင် ရေကာတာလိုစီမံကိန်းတွေကို ကန့်ကွက်ဆန့်ကျင်နေရမှုက ဒုစရိုက်အုပ်စုတွေနဲ့အစိုးရအာဏာပိုင်တွေကို တပြိုင်တည်းရင်ဆိုင်ရတဲ့အန္တရာယ်များတဲ့ကိစ္စပါ။
သူမရဲ့ခင်ပွန်းဟူးဂိုးလော့စ် (Hugo Loss)ကလည်း ဘရာဇီးသဘာဝပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေး အေဂျင်စီ(IBAMA)မှာ အထူးစစ်ဆင်ရေးဌာနကို ဦးဆောင်နေသူပါ။
အမေဇုန်အတွင်းရှိ တရားမဝင်ရွှေတူးစခန်းများကိုနှိမ်နင်းတဲ့အခါမှာ မှောင်ခိုဂိုဏ်းတွေ၊ဒုစရိုက်ဂိုဏ်းတွေရဲ့ပြန်လည်တိုက်ခိုက်ခံရတဲ့၊အန္တရာယ်များတဲ့ စစ်ဆင်ရေးတွေကို ဆောင်ရွက်ရသူပါ။
စင်ဂုမြစ်မှာ တည်ဆောက်မယ့် ဘီလိုမွန်တီဆည်(Belo Monte Dam)နဲ့ပတ်သက်ပြီး သူမရဲ့ကန့်ကွက်ချက်တွေကြောင့် သူမကိုလူသိများလာပါတယ်။
အဲဒီလိုကန့်ကွက်မှုတွေကိုဦးဆောင်မှုကြောင့် သူမအပေါ် ပစ်မှတ်တိုက်ခိုက်လာကြပါတယ်။
သူမနဲ့ဆက်စပ်ပြီးသူမရဲ့ကလေးတွေကိုပါ အန္တရာယ်ရှိလာခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ တိုက်ခိုက်မှုတွေနဲ့အတူ သူမရဲ့အသက်ကိုပါ လုပ်ကြံမှုတွေရှိလာခဲ့ပါတယ်။
သူမဟာ ဆွစ်ဇာလန်ကိုထွက်ပြေးခဲ့ပြီး ကုလသမဂ္ဂမှာအမေဇုန်သစ်တောရဲ့ အခြေအနေတွေကို တင်ပြနိုင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သူမဘရာဇီးကိုပြန်လာခဲ့ပါတယ်။
သမ္မတလူအိစ်အီးနားစီယိုး လူလာဒါဆေးလ်ဗား(Luiz Inácio Lula da Silva)လက်ထက်မှာတော့ သူမဟာ ဘရာဇီးနိုင်ငံရဲ့ပထမဆုံးတိုင်းရင်းသားအခွင့်အရေးဆိုင်ရာအတွင်းဝန်ဖြစ်လာခဲ့ပြီး သူမရဲ့တိုက်ပွဲဟာ သစ်တောအတွင်းက နိုင်ငံရေးစင်မြင့်ထက်ကို ရောက်ရှိလာပါတယ်။
သူမအကြောင်းကို ဒါရိုက်တာရစ်ချတ်လဒ်ကာနီ(Richard Ladkani)က ၂၀၂၅ ခုနှစ်မှာ ရာနုနီ(YANUNI)ဆိုတဲ့ ရုပ်ရှင်မှတ်တမ်းတင်ဇာတ်ကားရိုက်ကူးခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီလမှာ ရာနုနီ (YANUNI)ရုပ်ရှင်ကို ကုလသမဂ္ဂမှာပြသမယ့်ပွဲအတွက် သူမဟာနယူးယောခ်ကိုလာခဲ့ပါတယ်။
ဗြိတိန်အခြေစိုက် တယ်လီဂရပ်သတင်းဌာနနဲ့ သူအင်တာဗျူးတဲ့အခါ သူမကခုလိုပြောပါတယ်။
”ကျွန်မက ကာစီကေးမျိုးနွယ်စုခေါင်းဆောင်(cacique)တယောက်ဖြစ်လာဖို့ ဘယ်တုန်းကမှမရွေးချယ်ခဲ့ပါဘူး။ဒါပေမယ့် ကျွန်မတို့ပြည်သူတွေ ခေါင်းပုံ ဖြတ်အနိုင်ကျင့်ခံနေရတာ၊အကြမ်းဖက်ခံရတာနဲ့အမျိုးသမီးတွေစောင့်ကြည့်ချောင်းမြောင်းခံရ၊စော်ကားခံရ၊မုဒိမ်းကျင့်ခံနေရတာတွေကိုမြင်နေရပါရက်နဲ့ ကျွန်မငြိမ်မနေနိုင်ခဲ့ပါဘူး။ပုံမှန်အားဖြင့်တော့ ကာစီကေးရာထူးကို အသိုင်းအဝိုင်းထဲမှာ အသက်အကြီးဆုံးအမျိုးသားကိုပဲပေးကြတာပါ။ကျွန်မရဲ့ အဖေ၊ဦးလေးတွေနဲ့ အစ်ကိုဟာ အားလုံးကာစီကေးတွေချည်းပါပဲ။ ဒါပေမယ့် လူကြီးသူမတွေကတော့ ကုမ္ပဏီတွေ၊ နိုင်ငံရေးသမားတွေနဲ့ ကျွန်မတို့ရဲ့ အခွင့်အရေးတွေကို ဘယ်တော့မှ အလဲအလှယ်လုပ်ပြီး အလျော့ပေးမှာမဟုတ်ဘူးဆိုပြီး ကျွန်မကိုယုံကြည်ခဲ့ကြပါတယ်။ ကျွန်မကိုသူတို့က သူတို့အတွက်တိုက်ပွဲဝင်မယ့် စစ်သူရဲတယောက်၊ တယောက်တည်းပဲရှိတဲ့ တပ်မတော်တခုလိုမျိုး ကျွန်မကို ရှုမြင်ခဲ့ကြပါတယ်။ကျွန်မတို့ရဲ့ နယ်မြေတွေအပေါ် ကျွန်မတို့ လူမျိုးစုတွေ ဆုံးဖြတ်ခွင့် ရရှိလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီရာထူးကိုနှစ်နှစ်တိုင်တိုင်လက်ခံဆောင်ရွက်ခဲ့ရပါတယ်။
ကျွန်မဘယ်နေရာမှာရှိနေလဲ။ကျွန်မ ဒီတောအုပ်ထဲမှာ ရှိနေပါတယ်။ဒီတောထဲမှာ ကျွန်မမိသားစုနဲ့အတူ ရှိနေတဲ့အခါ ဒါဟာကျွန်မအတွက် ပြောလို့မရနိုင်တဲ့ ခံစားမှုတွေရှိပါတယ်။
အဲဒီခံစားချက်ကပဲ ဒီနေရာကို ဆက်လက်ကာကွယ်စောင့်ရှောက်ချင်တဲ့ မျှော်လင့်ချက်နဲ့ အင်အားတွေကို ကျွန်မကိုပေးစွမ်းခဲ့တာပါ။
အဲဒီတောအုပ်ထဲမှာ ဘာတွေဖြစ်နေကြတာလဲ။ဘာတွေခံစားနေရလဲဆိုတာ ကမ္ဘာတခုလုံးကိုသိရှိစေချင်ပါတယ်။
ကျွန်မရဲ့ မိသားစု၊ကျွန်မရဲ့ လူမျိုးစုတွေ သစ်တောထဲမှာ ကျွန်မတို့ ဘိုးဘေးတွေလိုပဲ လမ်းလျှောက်မယ်။ အစားအစာတွေ ရှာဖွေပါမယ်။ဒီနေရာဟာ အပြစ်ကင်းစင်တဲ့ ကလေးတွေအတွက် သန့်ရှင်းတဲ့ရေနဲ့အဆိပ်အတောက်ကင်းတဲ့ အစားအစာတွေဆက်ရှိနေရမယ်ဆိုတဲ့ မျှော်လင့်ချက်ပဲရှိပါတယ်။ဒီမျှော်လင့်ချက်ကပဲ ဘာပဲဖြစ်ဖြစ်ရင်ဆို င်မယ်ဆိုတဲ့ စိတ်ကိုဖြစ်စေခဲ့ပါတယ်။”
ကိုးကား…
YANUNI ရုပ်ရှင်ကြည့်ရန်…
https://youtu.be/RhDdAONYZeQ?si=qs68CvQQfHnhJc-e
https://www.telegraph.co.uk/global-health/climate-and-people/leonardo-dicaprio-juma-xipaia-amazon-activist-documentary-yanuni/
https://en.wikipedia.org/wiki/Juma_Xipaia









