Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၁၈။
မက္ကဆီကိုနိုင်ငံမှာ နှစ်စဉ်ချီးမြှင့်နေတဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဘရီချ် ဗာလ်ဒစ်ဆု (Breach/Valdez Award for Journalism and Human Rights) ဆိုတဲ့ လူ့အခွင့်အရေးဆိုင်ရာဂျာနယ်လစ်ဇင်နယ်ဆုတမျိုး ရှိပါတယ်။
အဲဒီဆုကို ၂၀၂၆ ခုနှစ်၊ မေလထဲမှာ လက်နက်ကိုင်တပ်ဖွဲ့အတွင်း တပ်ဖွဲ့ဝင်အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊အနိုင်ကျင့်မှုတွေကို စုံစမ်းဖော်ထုတ်တဲ့ အမျိုးသမီးသတင်းထောက် ဇိုရာယာဒါဂါလ်လီဂိုစ် ဗဲလ်လီ(Zorayda Gallegos Valle)က ချီးမြှင့်ခံရတယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တွေကဆိုပါတယ်။
အဲဒီဆုကို နှစ်စဉ်ဆုချီးမြှင့်လာတာ လက်ရှိမှာ ရှစ်ကြိမ်မြောက်ရှိခဲ့ပါပြီ။
အဲဒီဆုကို မက္ကဆီကိုဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (UN Human Rights Office in Mexico)၊ မက္ကဆီကိုဆိုင်ရာ ကုလသမဂ္ဂ သတင်းအချက်အလက်စင်တာ (UNIC) နဲ့ တခြားမိတ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာသံရုံးတွေက ပူးပေါင်းပြီး ချီးမြှင့်တာပါ။
အဲဒီဆုဟာ မက္ကဆီကိုမှာ ဂုဏ်သိက္ခာဩဇာကြီးမားတဲ့ဆုတွေထဲမှာ ပါပါတယ်။
အဲဒီမက္ကဆီကိုနိုင်ငံအတွင်း လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်မြှင့်တင်ဖို့နဲ့ သတင်းလွတ်လပ်ခွင့်အတွက် ရဲဝံ့စွန့်စားစွာ ရေးသားဖော်ထုတ်နေကြတဲ့ သတင်းထောက်တွေကို ဂုဏ်ပြုချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆုပါ။
အဲဒီမက္ကဆီကိုဟာ သတင်းသမားတွေအတွက် အလွန်အန္တရာယ်များပြီး ရန်လိုတဲ့ပတ်ဝန်းကျင်တခုလို့ ဆိုပါတယ်။
အဲဒီဆုကို မက္ကဆီကိုမှာ လုပ်ကြံသတ်ဖြတ်ခံရပြီး ပျောက်ကွယ်သွားခဲ့ရတဲ့ ကျော်ကြားတဲ့သတင်းထောက် မီရိုဆလာဗာ ဘရီချ် (Miroslava Breach) နဲ့ ဂျာဗီးယား ဗာလ်ဒစ် (Javier Valdez) တို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖန်တီးခဲ့တာပါ။
အဲဒီဆုပေးရတဲ့အဓိကရည်ရွယ်ချက်ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊အကျင့်ပျက်ခြစားမှုတွေနဲ့ မတရားမှုတွေကို စွန့်စွန့်စားစားဖော်ထုတ်နေတဲ့ သတင်းထောက်တွေကို အားပေးဖို့နဲ့ ခြိမ်းခြောက်မှုတွေကြားက သတင်းလွတ်လပ်ခွင့်ကိုထိန်းသိမ်းဖို့ပါ။
အဲဒီဆုချီးမြှင့်ခံရသူ အမျိုးသမီးသတင်းထောက် ဇိုရာယာဒါ ဂါလ်လီဂိုစ် ဗဲလ်လီ (Zorayda Gallegos Valle)ဟာ မက္ကဆီကိုသတင်းလောကမှာ အတွေ့အကြုံ နှစ်ဆယ်ရှိနေတဲ့ ဝါရင့်သတင်းထောက်တဦးလည်း ဖြစ်ပါတယ်။
သူမဟာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကျင့်ပျက်ခြစားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးသတင်းတွေကို အထူးပြုရေးသားသူဖြစ်ပါတယ်။
သူမရဲ့ သတင်းဆောင်းပါးတွေကို စပိန်နိုင်ငံက အယ်လ်ပိုင်းစ် (El País)၊ မက္ကဆီကိုက အယ်လ်ယူနီဗာဆဲလ် (El Universal)နဲ့ အမေရိကန်နိုင်ငံက ဝါရှင်တန်ပိုစ့် (The Washington Post) စတဲ့ နာမည်ကြီးသတင်းဌာနတွေက ဖော်ပြလေ့ရှိပါတယ်။
သူမဟာ မက္ကဆီကိုနိုင်ငံမှာ လုပ်ကြံသတ်ဖြတ်ခံရပြီး ပျောက်ကွယ်သွားတဲ့သတင်းထောက်တွေအကြောင်း ရေးသားထားတဲ့ Y yo coincidimos en la noche terrible (မင်းနဲ့ငါ ဆိုးရှားတဲ့ညတစ်ညမှာ ဆုံတွေ့ခဲ့ကြတယ်)ဆိုတဲ့ စာအုပ်ကို ပါဝင်ရေးသားခဲ့သူတွေထဲမှာလည်း ပါဝင်ခဲ့ပါတယ်။
အဲဒီစာအုပ်ဟာ မက္ကဆီကိုနိုင်ငံ သတင်းလွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးဆိုင်ရာအတွက် လှုပ်ရှားနေတဲ့ “အရှုံးမပေးသူများ” လို့အမည်ရတဲ့ “Nuestra Aparente Rendición” အဖွဲ့အစည်းက ဦးဆောင်ပြီး စာရေးဆရာမ လိုလီတာ ဘိုစ်ချ် (Lolita Bosch) နဲ့ အယ်လီဂျန်ဒရို ဗီလီဇ် ဆာလက်စ် (Alejandro Vélez Salas) တို့က တည်းဖြတ်ပေးထားတာပါ။
အဲဒီစာအုပ်ဟာ မက္ကဆီကိုနိုင်ငံတွင် လုပ်ကြံသတ်ဖြတ်ခံရပြီး ပျောက်ကွယ်သွားခဲ့ရသော သတင်းထောက်တွေရဲ့ဘဝတွေ၊အမှန်တရားအတွက် ရဲဝံ့စွာရပ်တည်ခဲ့တာတွေကို အမှတ်တရဂုဏ်ပြုတဲ့အနေနဲ့ ထုတ်ဝေတဲ့စာအုပ်ပါ။
အဲဒီမက္ကဆီကိုနိုင်ငံအတွင်းနဲ့နိုင်ငံတ ကာက သတင်းထောက်တွေ၊စာရေးဆ ရာတွေနဲ့တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၁၂၅ ဦးခန့်က ပူးပေါင်းပါဝင်ရေးသားထားကြတဲ့ စုပေါင်း (Anthology) တအုပ်အဖြစ် ကျော်ကြားပါတယ်။
ဇိုရာယာဒါ ဂါလ်လီဂိုစ် ဗဲလ်လီကို ဂုဏ်ပြုကြတာက မက္ကဆီကိုစစ်တပ်ထဲမှာ ဖြစ်ပျက်နေခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အညှီအဟောက်တွေ၊ ညစ်ပတ်စုတ်ပြတ်တဲ့ အာဏာရှိသူတွေရဲ့လုပ်ရပ်တွေကို ဖော်ထုတ်တဲ့ (စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ – အပြစ်ဒဏ်ကင်းလွတ်ခွင့်ရဲ့ X-Ray ရိုက်ချက်)လို့ အဓိပ္ပာယ်ရတဲ့ (Violencia sexual en los cuarteles: radiografía de la impunidad) ဆောင်းပါးကို စုံစမ်းဖော်ထုတ်ရေးသားခဲ့လို့ပါ။
အဲဒီသတင်းဆောင်းပါးကို မက္ကဆီကိုရဲ့ ထင်ရှားတဲ့သတင်းဌာနတခုဖြစ်တဲ့ အယ်လ်ယူနီဗာဆဲလ်နဲ့ ရှာဖွေစုံစမ်းဖော်ထုတ်တဲ့ သတင်းမီဒီယာအဖွဲ့အစည်းတခုဖြစ်တဲ့ Fábrica de Periodismo တို့မှာ ဖော်ပြခဲ့ပါတယ်။
အဲဒီဆောင်းပါးဟာ မက္ကဆီကိုရဲ့စစ်ဘက်အသိုင်းအဝန်းအပေါ် ရိုက်ခတ်ဗြောင်းဆန်သွားခဲ့သလို သူမရဲ့ရဲစွမ်းသတ္တိအပေါ်မှာလည်း ကမ္ဘာကအသိအမှတ်ပြုခံရပါတယ်။
မက္ကဆီကိုစစ်တပ်မှာ ၁၂ နှစ်အတွင်း လိင်ပိုင်းဆိုင်ရာပြစ်မှုတွေအပေါ် စုံစမ်းစစ်ဆေးမှုငါးကျော်ရှိခဲ့ပြီး သုံးရာခိုင်နှုန်းလောက်သာ အပြစ်ပေးအမိန့်ချမှတ်ခံရတယ်လို့ သူမရဲ့စုံစမ်းဖော်ထုတ်မှုက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
အဲဒီဆုကိုလက်ခံရပြီးနောက်မှာ သူမက “စစ်တပ်အတွင်းက လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို ဖော်ထုတ်လို့ ဒီဆုကိုရတာ ပျော်တယ်လို့မခံစားမိဘူး။ ဒီလိုကိစ္စတွေကို စုံစမ်းဖို့ ကျွန်မပိုအလုပ်လုပ်ရမယ်။” လို့ သူမရဲ့လူမှုကွန်ရက်ပေါ်မှာ ပြောထားပါတယ်။
သူမဟာ စစ်တပ်လိုလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ၊မတရားမှုတွေကို စုံစမ်းဖော်ထုတ်ဖို့ ဖြစ်လာရတဲ့ကိစ္စဟာ ၂၀၁၈ ခုနှစ်က အဖြစ်အပျက်တခုကြောင့်ပါ။
မက္ကဆီကိုမှာ တည်ဆောက်နေတဲ့ လေဆိပ်တခုနဲ့ပတ်သက်တဲ့ စာချုပ်တွေမှာ စစ်တပ်ဘက်က အဂတိလိုက်စားမှုတွေ ရှိနေခဲ့ပါတယ်။
သူမက ဒီသတင်းကိုလိုက်တဲ့အခါ စစ်တပ်ကိုလည်း အခြားဌာနဆိုင်ရာအင်စတီကျူးရှင်းတွေလိုပဲ ထင်နေခဲ့တာပါ။
နှစ်တွေကြာလာတဲ့အခါ စစ်တပ်ဟာ လုံခြုံရေးဆိုင်ရာကိစ္စတွေမှာ သူတို့ရဲ့အခန်းကဏ္ဍကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေတွေကို အရပ်ဘက်အများပြည်သူဆိုင်ရာတွေထဲထိ လာပြီးအသုံးချနေပါတယ်။
အဲဒါဟာ စစ်တပ်အနေနဲ့ကိုယ့်တာဝန်ယူရမယ့် လုံခြုံရေးကဏ္ဍထက် ဘောင်ကျော်လာနေတာလည်း ဖြစ်ပါတယ်။
အဲဒီလိုစစ်တပ်ဟာ အများပြည်သူဆိုင် ရာကိစ္စရပ်တွေထဲ ဝင်ပါနေပြီး လူထုက မေးခွန်းထုတ်လာရင် လုံခြုံရေးကဏ္ဍထဲက ဥပဒေတွေနဲ့ အကာအကွယ်ယူပြီး ပွင့်လင်းမြင်သာမှုမရှိ လုပ်လာပါတယ်။
မက္ကဆီကိုဟာ စစ်ဘက်ဟာ အရပ်သားလက်အောက်မှာရှိတဲ့ ဒီမိုကရေစီနိုင်ငံပါ။
စစ်ဘက်က အရပ်ဘက်ကို ခွစီးနေတဲ့ စစ်တပ်ကသာ အရေးကြီးဆုံးဆိုတဲ့ စစ်အာဏာရှင်စနစ်မဟုတ်ပါဘူး။
မူးယစ်ရာဇဝတ်ဂိုဏ်းတွေ ရှိနေတဲ့ကြားထဲက ဒီမိုကရေစီကိုထိန်းထားနိုင်ဆဲနိုင်ငံတခုပါ။
မူးယစ်ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းရတဲ့အခါ စစ်တပ်ရဲ့အခန်းကဏ္ဍက အရေးပါလာပါတယ်။
မူးယစ်ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းတဲ့အခါ လက်လွန်ခြေလွန်ဖြစ်ခဲ့တဲ့ရလဒ်တွေရှိခဲ့ပါတယ်။
အဲလိုဖြစ်ရပ်တွေကြောင့်လည်း မက္ကဆီကိုလူထုဟာ စစ်တပ်အပေါ်မှာ အမြဲသတိထားစောင့်ကြည့်နေတဲ့ သဘောမှာရှိပါတယ်။
မက္ကဆီကိုစစ်တပ်အတွက် ဂြိုလ်ဆိုးဝင်သွားတာက အဲဒီလိုအများပြည်သူဆိုင်ရာကိစ္စရပ်တွေမှာ ဝင်ရှုပ်နေတာကို ကြည့်မရတဲ့ တက်ကြွလှုပ်ရှားသူဟက်ကာအုပ်စုက ၂၀၂၂ ခုနှစ်မှာ ကာကွယ် ရေးဝန်ကြီးဌာန SEDENA ရဲ့ အီးမေးလ်တွေကိုဝင်မွှေပြီး အချက်အလက်တွေကို လူထုကို ဖွင့်ချလိုက်ပါတော့တယ်။
အဲဒီဖြစ်စဉ်ကို ဂွာကာမာယာပေါက်ကြားမှု (Guacamaya Leaks) လို့ခေါ်ကြပါတယ်။
အဲဒီထဲမှာ ပြဿနာက မက္ကဆီကိုစစ် တပ်ဟာ သူတို့ကိုဝေဖန်ထောက်ပြတဲ့ သတင်းထောက်တွေနဲ့ တက်ကြွလှုပ် ရှားသူတချို့ကို စောင့်ကြည့်ခြေရာခံနေတဲ့ အချက်အလက်တွေလည်း ပေါက်ကြားသွားပါတယ်။
စစ်တပ်ရဲ့စောင့်ကြည့်မှုကို ခံနေရတဲ့သူတွေထဲမှာ သူမလည်းပါပါတယ်။
အဲဒီတော့ မက္ကဆီကိုစစ်တပ်ဟာ လူထုရဲ့ဖိအားနဲ့ရင်ဆိုင်ရပါတော့တယ်။
လူထုဘက်ကကြည့်ရင် ငါတို့ကာကွယ်ပေးဖို့အတွက် ငါတို့ဆီကအခွန်နဲ့ ရပ် တည်နေသူတွေက ငါတို့ကိုပြန်ပြီးမယုံသလိုလို စောင့်ကြည့်နေတာလား ဆိုတဲ့မေးခွန်းက စစ်တပ်အတွက် ဖြေရကြပ်ပါတော့တယ်။
အဲဒါတွေက သူမကို စစ်တပ်ကို ပြန် လည်စောင့်ကြည့်ရမယ်ဆိုတဲ့ အမြင်ကို ဖြစ်လာပါတယ်။
ကုလသမဂ္ဂက သူမရဲ့အင်တာဗျူးကို နိုဝင်ဘာလမှာ ဖော်ပြခဲ့ပါတယ်။
အဲဒီအင်တာဗျူးမှာ စစ်တပ်အတွင်းကအမျိုးသမီးတွေ အကာအကွယ်ရဖို့အတွက် ဘာတွေလိုအပ်လဲလို့ သူမကိုမေးတဲ့အခါ သူမက အမျိုးသမီးတွေမှာ အမျိုးသားတွေမှာမရှိတဲ့ ကိစ္စရပ်တွေရှိတယ်ဆိုတာကို သတိပြုကြဖို့လိုတယ်လို့ ဆိုပါတယ်။
အမျိုးသားတယောက်က ဘယ်လောက်ပဲအမျိုးသမီးတွေကို လေးစားပါတယ်လို့ပြောပြော အမျိုးသမီးတယောက်ရဲ့ဘဝနဲ့ အမျိုးသားတစ်ယောက်ရဲ့ဘဝ မတူတဲ့အခါ အမျိုးသမီးတွေရဲ့ရှုထောင့်ကို အမျိုးသားတွေဘက်က မျက်ကွယ်ပြုထားမိတာတွေ၊မသိတာတွေရှိပါတယ်။
အဲဒီလိုမတူညီတဲ့အတွက် အမျိုးသမီးတွေရဲ့ရှုထောင့်တွေဟာ ပစ်ပယ်မခံရဖို့အတွက် စစ်တပ်အတွင်းမှာဖြစ်စေ၊ တခြားနေရာမှာဖြစ်စေ ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့နေရာတွေမှာ အမျိုးသမီးတွေရှိနေဖို့လိုတယ်လို့ သူမက ဆိုပါတယ်။
အမျိုးသားကြီးစိုးရေးဝါဒ (Machismo)နဲ့ အမျိုးသမီးတွေကို နေရာပေးရမှာကို မလိုလားတဲ့ဝါဒ (Misogyny) ဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေထိ ဦးတည်သွားနိုင်တယ်။
အဲဒီလိုအမြင်မျိုးတွေ စစ်တပ်အတွင်းမှာရှိနေတယ်။ မသိကျိုးကျွံပြုပြီး ကျင့်သုံးနေတာမျိုးရှိနေတယ်ဆိုတာကို စစ်တပ်ရဲ့တာဝန်ရှိသူတွေ၊ အဖွဲ့အစည်းအကြီးအကဲတွေဟာ ဝန်ခံဖို့လိုပြီး အဲဒါမျိုးတွေကို ရှုတ်ချတယ်ဆိုတာကို သူတို့ကိုယ်တိုင်သတင်းစကားပါးဖို့လိုတယ်။
အဲဒီလိုလူသိရှင်ကြားရှုတ်ချမှုမရှိဘူးဆိုရင် ဒီလိုလုပ်ရပ်တွေကို ကျူးလွန်သူတွေအနေနဲ့ သူတို့ကိုဆက်ကျူးလွန်ဖို့အတွက် အဲဒီတာဝန်ရှိသူတွေ၊ အကြီးအကဲတွေက အားပေးအားမြှောက်ပြုသလို ဖြစ်သွားနိုင်တယ်လို့ သူမကဆိုပါတယ်။
လက်ရှိအချိန်ထိတော့ စစ်တပ်က တပ်တွင်းလိင်အကြမ်းဖက်အနိုင်ကျင့်မှုတွေကို လူသိရှင်ကြားထုတ်ဖော်တာမျိုးက မရှိသေးပါဘူး။ မဖုံးနိုင်၊မဖိနိုင်ပေါ်လာမှသာ အရေးယူပြပြီး တိုးတိုး တိတ်တိတ်ဖြေရှင်းဖို့ကို အားသန်နေဆဲပါ။
အဲဒီလိုမျိုးစစ်တပ်အတွင်း အမျိုးသမီးတွေအပေါ် မလေးစားတဲ့လုပ်ရပ်တွေကို တာဝန်ရှိသူတွေ၊အကြီးအကဲတွေက ဝန်ခံတာ၊လူသိရှင်ကြားရှုတ်ချတာနဲ့ပ တ်သက်လို့ သူမက မှတ်ချက်တခွန်းပြုပါတယ်။
”စစ်တပ်ထဲကတာဝန်ရှိသူတွေ၊အကြီးအကဲတွေ အဲလိုဝန်ခံတာ၊ ရှုတ်ချတာမျိုး အခုထိ ကျွန်မမတွေ့ဖူးသေးဘူး။”
ရုပ်ပုံ – အမျိုးသမီးသတင်းထောက် ဇိုရာယာဒါ ဂါလ်လီဂိုစ် ဗဲလ်လီ (Zorayda Gallegos Valle)
ကိုးကား…






