Border News Agency
မြောက်ဦး၊နိုဝင်ဘာ ၂၅။
ကိုယ့်ဟာကိုယ်သော့ခတ်မိထားတဲ့ဗီတိုတွေနဲ့ ရုရှားကိုယ်စားပြုမှု ICJ ထဲမှာပျောက်ဆုံးခြင်း
ဂမ်ဘီယာနဲ့မြန်မာအမှု အပြီးသတ်စီရင်ချက်ချတဲ့အခါ ရုရှားတရားသူကြီးမရှိတော့ပါဘူး။ရုရှားနိုင်ငံသား တရားသူ ကြီးဟာ ၂၀၁၉ ခုနှစ်တုန်းကအမှုကို စတင်ကြားနာပြီး ကနဦးကြားဖြတ်အမိန့်ချတဲ့ ၂၀၂၀ ပြည့်နှစ်တုန်းကလည်း ပါဝင်ခဲ့ပါတယ်။
ရုရှားတရားသူကြီးဘယ်ရောက်သွားသလဲ။
ရုရှားတရားသူကြီး ICJ ထဲမှာမရှိတော့
အမှန်ကတော့ ရုရှားတရားသူကြီး ICJ ထဲမှာမရှိတော့တဲ့ကိစ္စဟာ သိပ်ပြီးလည်းအထူးအဆန်းမဟုတ်ပါဘူး။ ICJ တရားသူကြီးတွေ ရွေးချယ်ရေးလုပ်ထုံးလုပ်အရ ဖြစ်တတ်တဲ့သဘောသဘာဝတခုပါ။
အဲဒီလိုအထူးအဆန်းမဟုတ်တဲ့ ကိစ္စတခုကို ဒီနေရာမှာဘာကြောင့်ပြောနေသလဲဆိုရင် “ICJ စီရင်ချက်ကို ရေမြောင်းထဲရောက်သွားသလို ပြောနေတဲ့သူတွေရှိနေလို့ ” ဒီကိစ္စကိုအရေးလုပ်ပြီးပြန်ပြောရတာပါ။
ICJ တရားသူကြီးတွေရွေးတဲ့အခါ ဗီတိုပါဝါငါးနိုင်ငံစလုံးကတရားသူကြီးတွေဟာ တယောက်စီပါနေလေ့ရှိပါတယ်။
ICJ တရားသူကြီးတွေကိုရွေးတဲ့အခါ ယေဘူယျအားဖြင့်စည်းမျဉ်းနှစ်မျိုးရှိပါတယ်။
အဲဒီစည်းမျဉ်းတွေက စာနဲ့ရေးထားတဲ့ စည်းမျဉ်းနဲ့စာနဲ့ မရေးထားပေမယ့်ပုံမှန်လို့ အစဉ်အလာအရကျင့်သုံးနေတဲ့ စည်းမျဉ်းဆိုပြီးရှိနေတာပါ။
စာနဲ့ရေးထားတဲ့ စည်းမျဉ်းက ICJ တ ရားရုံး အခြေခံဖွဲ့စည်းပုံစည်းမျဉ်းတွေဖြစ်ပြီး စာနဲ့မရေးထားတဲ့ စည်းမျဉ်းတွေက အစဉ်အလာအရကျင့်သုံးနေတဲ့ Gentleman Agreement စည်းမျဉ်းတွေပါ။
အဲဒီ Gentleman Agreement စည်း မျဉ်းတွေအရ ICJ တရားသူကြီးအဖွဲ့တွေရွေးတဲ့အခါ ဗီတိုပါဝါငါးနိုင်ငံစလုံးက တရားသူကြီးတွေ တယောက်စီပါနေရပါတယ်။
အဲဒါဆို ခု ၂၀၂၆ ခုနှစ်မှာ မြန်မာနဲ့ ဂမ်ဘီယာအမှုကိုအပြီးသတ်အမိန့်ချတဲ့အခါ ရုရှားကိုကိုယ်စားပြုတဲ့တရားသူကြီး ဘာကြောင့်မပါတာလဲ။
ICJ တရားသူကြီးတွေကို ဒီမိုကရေစီနည်းကျ မဲပေးပြီးရွေးချယ်ပါတယ်။
UNGA နဲ့ UNSC တို့က မဲပေးပြီးရွေးချယ်တာပါ။ ပုံမှန်တရားသူကြီး စုစုပေါင်း ၁၅ ဦး ရှိပါတယ်။
တရားသူကြီးတဦးဟာ သက်တမ်းမှာ ကိုးနှစ်တာဝန်ထမ်းဆောင်ရပြီး သက်တမ်းကုန်ဆုံးရင် ပြန်အရွေးခံနိုင်ပါတယ်။
တရားရုံးလုပ်ငန်းတွေ အဆက်မပြတ်စေဖို့ တရားသူကြီး ၁၅ ဦးလုံးကို တပြိုင်နက်တည်း ရွေးချယ်တာမဟုတ်ဘဲ သုံးနှစ်ရောက်ရင် တရားသူကြီးငါးဦးကိုတခါစီရွေးကြတာပါ။
တရားသူကြီးလောင်းတွေကို နိုင်ငံအစိုးရတွေက တိုက်ရိုက်အမည်စာရင်း တင်သွင်းတာမဟုတ်ပါဘူး။
ICJ ဖွဲ့စည်းပုံ ပုဒ်မ (၄) နဲ့ (၅) အရ သည်ဟိဂ် (The Hague) အခြေစိုက် အမြဲတမ်း အနုညာတစီရင်ဆုံးဖြတ်ရေးတရားရုံး (Permanent Court of Arbitration – PCA)အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံအလိုက် အုပ်စု (National Groups)တွေဘက်က အမည်စာရင်းတင်သွင်းကြတာပါ။
PCA အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေအတွက် သီးသန့် နိုင်ငံအလိုက်အဖွဲ့တွေရှိပါတယ်။
အဲဒီအဖွဲ့တွေကတဆင့် တင်သွင်းရပါတယ်။တဖွဲ့က တရားသူကြီးလောင်းလေးဦးထိ အမည်စာရင်းတင်သွင်းခွင့်ရှိပြီး တနိုင်ငံတည်းက အများဆုံးနှစ်ဦးသာတင်ရတာပါ။
အမည်စာရင်းတင်သွင်းခံရသူတွေထဲက တရားသူကြီးအဖြစ် ရွေးချယ်ခံရဖို့အတွက် UNGA နဲ့ UNSC မှာ မဲတဝက်ကျော်လိုပါတယ်။
အထွေထွေညီလာခံနဲ့လုံခြုံရေးကောင်စီနှစ်ရပ်လုံးမှာ မဲအများစု (Absolute Majority)လိုပါတယ်။
အဓိပ္ပါယ်က အဖွဲ့ဝင်စုစုပေါင်း ၁၉၃ နိုင်ငံရှိတဲ့ UNGA မှာ တဝက်ကျော်ဖို့အတွက် အနည်းဆုံး ၉၇ မဲလိုပြီး UNSC မှာ စုစုပေါင်းအဖွဲ့ဝင် ၁၅ နိုင်ငံရှိလို့ တဝက်ကျော်ဖို့အတွက် အနည်းဆုံး ၈ မဲ ကို လိုပါတယ်။ ထူးခြားချက်က ICJ တရားသူကြီး ရွေးချယ်ရာမှာ UNSC ထဲက ဗီတိုနိုင်ငံတွေမှာ ဗီတိုသုံးခွင့်မရှိပါဘူး။ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံ (အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်) က ဗီတိုအာဏာ (Veto Power) အသုံးပြုခွင့် မရှိပါ။ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနဲ့ အမြဲတမ်းမဟုတ်တဲ့အဖွဲ့ဝင်အားလုံးရဲ့ မဲတန်ဖိုးဟာ အတူတူရှိနေပါတယ်။
ICJ တရားသူကြီးတွေကိုရွေးချယ်တဲ့အခါ ယေဘူယျတရားမျှတမှုဆိုင်ရာ အချက်နှစ်ချက်ကိုအခြေခံပါတယ်။ ဒေသဆိုင်ရာမျှတမှုနဲ့ ကမ္ဘာ့ဥပဒေစနစ်အားလုံးအပေါ် အကြုံးဝင်မှုဆိုတဲ့နှစ်ချက်ပါ။
အဲဒါကြောင့် ကမ္ဘာ့ဒေသကြီးတွေနဲ့ ဒေသအလိုက် အဓိကဥပဒေစနစ်ကြီးတွေ ဥပမာ- Common Law၊ Civil Law အပါအဝင်အခြားဥပဒေစနစ်တွေ အချိုးကျကိုယ်စားပြုနိုင်ဖို့ အချိုးအစားတွေကို ခွဲဝေသတ်မှတ်ထားပါတယ်။
၁- အာဖရိကဒေသမှသုံးဦး၊
၂- လက်တင်အမေရိကနှင့် ကာရေဘီယံဒေသမှနှစ်ဦး၊
၃- အာရှဒေသမှသုံးဦး၊
၄- အနောက်ဥရောပနဲ့ အခြားနိုင်ငံတွေ (အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ စသည်) မှငါးဦး၊
၅- အရှေ့ဥရောပဒေသမှနှစ်ဦးဆိုပြီးသတ်မှတ်ထားပါတယ်။
အဲဒီခွဲတမ်းအုပ်စုထဲမှာ ရုရှားက အရှေ့ဥရောပဒေသ အုပ်စုထဲမှာရှိပါတယ်။
၂၀၂၄ ခုနှစ်မှာ ရုရှားတရားသူကြီးအပါအဝင် တရားသူကြီးငါးဦးရဲ့ သက်တမ်းစေ့တော့ ၂၀၂၃ ခုနှစ်ကပင် အစားထိုးတာဝန်ဆက်ခံမယ့် တရားသူကြီးတွေကိုရွေးရပါတယ်။
အဲဒီလိုရွေးတဲ့အခါ ရုရှားကလည်း သူ့နိုင်ငံသားတရားသူကြီး ကီရလ်ဂျီဗော်ဂျီယံ ( Kirill Gevorgian) ကို အမည်စာရင်းတင်သွင်းပါတယ်။ ရိုမေးနီးယားကလည်း သူ့နိုင်ငံသားတရားသူကြီးလောင်း ဘောဂ့်ဒမ်ဩရစ်ကူ (Bogdan Aurescu) ကို အမည်စာရင်းတင်ပါတယ်။
သူတို့နှစ်ဦးကို UNGA မှာ မဲခွဲတော့ ရိုမေးနီးယားတရားသူကြီးက မဲ ၁၁၇ မဲရပြီး ရုရှားတရားသူကြီးက ၇၇ မဲရပါတယ်။ UNSC မှာမဲခွဲတော့ ရိုမေးနီးယားက ၉ မဲရပြီး ရုရှားက ၅ မဲရပါတယ်။
အဲဒီလိုနဲ့ ICJ စတင်တည်ထောင်တဲ့ ၁၉၄၆ ခုနှစ်ကပင် နှစ်ပေါင်း ၇၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ICJ တရားသူကြီးအဖွဲ့ထဲမှာ (အရင် ဆိုဗီယက်ယူနီယံကိုယ်စားပြုခု ရုရှားကိုယ်စားပြု)တဲ့ တရားသူကြီး မပါဝင်တော့ဘဲ ဖြစ်သွားတာပါ။
အဲဒါကြောင့် လက်ရှိမှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစလို့ ICJ တရားသူ ကြီး ၁၅ ဦးထဲမှာ ရုရှားနိုင်ငံသားတရား သူကြီး မပါဝင်တော့ပါ။ ဗီတို နိုင်ငံတွေထဲက အမေရိကန်၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန် တို့က တရားသူကြီးတွေတော့ ပါဝင်နေပါတယ်။
ဘာကြောင့်ရုရှား မပါတော့တာလဲ
ဒီမေးခွန်းကို ဖြေရရင် ရုရှားရဲ့ သံတမန်ရေးရာ ဆုံးရှုံးမှုလို့ပြောရမှာပါ။ အဓိက အချက်ကတော့ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ရဲ့ အကျိုးဆက်ပါ။ ဒီအကျိုး ဆက်က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအ များစုကို ရုရှားအပေါ် သံတမန်ရေးအရ ဖယ်ကြဉ်လိုတဲ့ သဘောထားကို ဖြစ်စေခဲ့ပါတယ်။ဒါဟာ ရုရှားတရားသူကြီးလောင်း မဲရှုံးနိမ့်ရခြင်းရဲ့ အဓိက အ ကြောင်းရင်းတရပ်ပါပဲ။
အဲဒါဟာ နိုင်ငံတကာ မျက်နှာစာမှာ စူပါပါဝါဗီတိုပိုင်ထားတဲ့ နိုင်ငံတစ်ခုရဲ့ နဖူးတွေ့ဒူးတွေ့ဖြစ်ရပ်ပါ။ ဘယ်စူပါ ပါဝါမှာ တကိုယ်တည်းရပ်တည်လို့မရပါဘူး။ ဗီတိုပိုင်ရင်လည်း အဲဒီဗီတိုဟာ အရာရာတိုင်းကိုကာလို့ရတဲ့ သဘောတော့မဟုတ်ပါဘူး။ တခါတလေမှာ ဗီတိုတွေဟာလည်း ကိုယ့်ဟာကို သော့ ခတ်မိတတ်ကြပါတယ်။
ကိုယ့်ဟာကိုယ်သော့ခတ်မိထားတဲ့ဗီတိုတွေ
အမှန်တော့ နိုင်ငံတကာစာမျက်နှာမှာ ကိုယ့်ဟာကိုသော့ခတ်မိထားသလိုဖြစ်သွားတဲ့ သင်ခန်းစာကရုရှားပဲ ရှိတာမဟုတ်ပါဘူး။ ရုရှားရှေ့မှာ အဲလိုခံဖူးတဲ့ ဗီတိုပိုင်နိုင်ငံတခုလည်းရှိနေပါတယ်။အဲဒါကတော့ ဗြိတိန်ပါ။
၂၀၁၇ ခုနှစ် ICJ တရားသူကြီးရွေးကောက်ပွဲမှာ ဗြိတိန်တရားသူကြီးလောင်းဟာ အိန္ဒိယနိုင်ငံက တရားသူကြီးလောင်း (Dalveer Bhandari) ကိုမဲရှုံးပြီး ICJ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗြိတိန်နိုင်ငံသားတရားသူကြီး မပါဝင်ဘဲ ဖြစ်သွားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာမှ ပြန်လည်အရွေးခံလာရတာပါ။
ဗြိတိန် ဘာဖြစ်ခဲ့တာလဲ
ဗြိတိန်ဘက်က နိုင်ငံတကာမျက်နှာစာမှာ မျက်နှာပျက်စရာနှစ်ချက်ဖြစ်ခဲ့ပါတယ်။
အဲဒီအချက်တွေရဲ့ ရိုက်ခတ်မှုကြောင့် ICJ တရားသူကြီးနေရာကို ဆုံးရှုံး လိုက်ရတာပါ။
တချက်က မော်ရစ်သျှ (Mauritius)နဲ့ ဖြစ်တဲ့ ချာဂို့စ်ကျွန်းစု (Chagos Archipelago) ကိစ္စပါ။ ၂၀၁၇ ခုနှစ် ICJ တရားသူကြီးရွေးကောက်ပွဲ မလုပ်ခင် လအနည်းငယ်အလို ဇွန်လ လောက်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) က မော်ရစ်သျှက ချာဂို့စ်ကျွန်းစုကို ဗြိတိန်ရဲ့ အုပ်ချုပ်မှု တရားဝင်၏၊ မဝင်၏ ကို ICJ ထံ အကြံပြုချက် အမိန့် (Advisory Opinion) တောင်းဖို့ မဲခွဲတော့ ဗြိတိန်နဲ့ အမေရိကန်တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ အမှန်က ICJ ရဲ့ အကြံပြုချက် အမိန့် (Advisory Opinion) ဆိုတာဟာ ဂမ်ဘီယာနဲ့ မြန်မာအမှုမှာချခဲ့တဲ့ (Judgement on Merit) လို လုံးဝ လိုက်နာရမယ့် သဘောမျိုးမဟုတ်သေးပါဘူး။
အဲဒါကိုတောင် ဗြိတိန်နဲ့ အမေရိကန်တို့က ကန့်ကွက်ခဲ့တာပါ။ ဒါပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံ အများစုက မော်ရစ်သျှဘက်ကရပ်တည်မဲပေးခဲ့ကြလို့ ဗြိတိန်အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။
အဲဒီဂယက်ကလအနည်းငယ်အကြာမှာလုပ်တဲ့ ICJ တရားသူကြီးရွေးကောက်ပွဲကို ရိုက်ခတ်ခဲ့တာပါ။ တရားသူကြီးရွေးကောက်ပွဲမှာ နိုင်ငံအများစုက ဗြိတိန်ကိုမဲမပေးဘဲ အိန္ဒိယတရားသူကြီးလောင်းကို ပုံအောမဲပေးလိုက်ပါတယ်။
ရုရှားထက်လက်သံပြောင်တဲ့ဗြိတိန်
ရုရှားတရားသူကြီးလောင်းရှုံးတုန်းက ရုရှားဖက်ကအရှုံးကိုလက်ခံပြီး အိန္ဒြေရရနောက်ဆုတ်ခဲ့ပေမယ့် ဗြိတိန် ပွဲတုန်းကတော့ ကုလမှာ ပွဲဆူခဲ့ပါတယ်။
ဗြိတိန်တရားသူကြီးလောင်းက ခရစ်စတိုဖာဂရင်းဝုဒ် (Christopher Greenwood) က အိန္ဒိယတရားသူကြီးလောင်း ဒလ်ဗီးယားဘဟမ်ဒါရီ (Dalveer Bhandari) ကို UNSC မှာ မဲ အသာရနေပါတယ်။ အမေရိကန်ကလည်း ဗြိတိန်ကို ထောက်ခံပေးထားပါတယ်။ UNGA မှာတော့ အိန္ဒိယဘက်က မဲရလဒ် သုံးပုံ နှစ်ပုံ ကျော်ရနေပါတယ်။အဲဒီတော့ ရွေးကောက်ပွဲပြန်လုပ်ရပါတယ်။ အခြေအနေက အပြောင်းအလဲမရှိပါဘူး။ ဒီတော့ ထပ်လို့ ရွေးကောက်ပွဲလုပ်ပါတယ်။ ဒီလိုနဲ့ ရွေးကောက်ပွဲ အကြိမ်ပေါင်း ၁၁ ကြိမ်ရှိလာပါတယ်။ ဒီကြားထဲ EU က နုတ်ထွက်ထားတဲ့ (Brexit) ဂယက်ကြောင့်လည်း ဥရောပ သမဂ္ဂရဲ့ နိုင်ငံတကာ သံတမန်စင်မြင့်မှာ ဗြိတိန်အဖို့ နိုင်ငံရေးသြဇာကလည်းကျနေပြီး ဥရောပဘက်က မဟာမိတ်ထောက်ခံမှု လျော့ကျနေပါတယ်။
UNSC ထဲမှာ အဖွဲ့ဝင် ၁၅ နိုင်ငံရှိပါတယ်။ ဗြိတိန်က UNSC မှာ နိုင်နေပါတယ်။ UNGA မှာ အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိပြီး နိုင်ငံပေါင်း ၁၂၈ နိုင်ငံကျော် သုံးပုံနှစ်ပုံ ရဲ့ ထောက်ခံမဲကို အိန္ဒိယက ရထားပါတယ်။ တဖြေးဖြေးနဲ့ ဒီမိုကရက်ကျင့်စဉ် အများဆန္ဒ က စကားပြောလာပြီး ဗြိတိန်အတွက် ကမ္ဘာ့ရပ်မိရပ်ဖ ဆိုတဲ့ မျက်နှာပျက်စရာတွေ ဖြစ်လာပါတယ်။ဒီအတိုင်းဆက်သွားနေရင် ရေရှည်အကျိုးစီးပွားအတွက် မကောင်းမှန်းလည်းသိနေသလို တရားသူကြီးနေရာ ဆုံးရှုံးခဲ့ရင်တောင် သူရဲ့ ဗီတိုပါဝါ ထိုင်ခုံအပေါ် ဘာမှထိခိုက်စရာမရှိတဲ့အခါ ဂုဏ်သိက္ခာရှိရှိနောက်ကိုတလှမ်းဆုတ်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ ၁၂ ကြိမ်မြောက်မဲခွဲမှုကို ရောက်လာပါတယ်။ ဒီတကြိမ်တော့ ဗြိတိန်ဘက်က ထပ်မပြိုင်တော့ပါဘူး။ ဒီလိုနဲ့ အိန္ဒိယနိုင်ငံသား တရားသူကြီးက နေရာရသွားပါတယ်။
ကမ္ဘာ့တရားစီရင်ရေးယန္တရားတွေနဲ့ ဗီတိုနိုင်ငံတွေ
ICJ မှာ အစဉ်အလာအရ ရပ်မိရပ်ဖနေရာမှာရှိပြီး အမြဲတန်းရှိနေတဲ့ ဗြိတိန်ဟာ တရားသူကြီးတဦးနေရာကို ဆုံးရှုံးခဲ့ရတဲ့ထိကြုံခဲ့ရတဲ့ ဖြစ်စဉ်တွေကို ကြည့်ရင် အခုလိုတွေ့ရမှာပါ။
ချာဂိုစ်ကျွန်းရှိတဲ့ နေရာဟာ အိန္ဒိယသမုဒ္ဒရာထဲမှာ ဗျူဟာမြောက်ပါတယ်။
အဲဒါကြောင့် အမေရိကန်နဲ့ ဗြိတိန်ဘက်က အဲဒီနေရာမှာစစ်အခြေစိုက်စခန်းကို ထားပါတယ်။ ဆက်လို့လည်းထားအုံးမှာပါ။ ၂၀၁၀ ပြည့်နှစ် လောက်မှာ ဗြိတိန်ဘက်က ချာဂို့စ်ကျွန်းစု ပတ်ဝန်းကျင် ရေပြင်ဟာ သူရဲ့ အဏ္ဏဝါ ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေ (Marine Protected Area – MPA) လို့ကြေငြာပါတယ်။
အဲဒီလိုကြေညာချက်က မူလဌာနေတိုင်းရင်းသား (Chagossians) ချာဂိုစ်ကျွန်းသားတွေအတွက် နေရပ်မှာ ပြန်လည်အခြေချနေထိုင်ခွင့်၊ မော်ရစ်သျှရဲ့ ငါးဖမ်းခွင့်ကိုပါ ပိတ်ပင်နေတာကြောင့် မော်ရစ်သျှက ကုလ ပင်လယ်ပြင်ဥပဒေဆိုင်ရာ သဘောတူစာချုပ် (UNCLOS) အရ PCA တရားရုံးကို ၂၀၁၁ ခုနှစ်မှာတိုင်ကြားပါတယ်။
၂၀၁၂ ခုနှစ်မှာ ချာဂိုစ်ကျွန်းသားတွေက ဗြိတိန်ကို ဥရောပလူ့အခွင့်အရေးတရားရုံး (European Court for Human Rights) မှာ တရားစွဲခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ကမ္ဘာ့တရားစီရင်ရေးယန္တယားကို ဗီတိုကိုင်ပြီးငြင်းခဲ့တဲ့ဗြိတိန်
PCA တရားရုံးက (၂၀၁၅) ခုနှစ်မှာ ဗြိတိန်ရဲ့ လုပ်ရပ်ဟာ တရားမဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဗြိတိန်ဘက်က တုံ့ပြန်ချက်က မောရစ်သျှအတွက် ထင်သလို မဖြစ်လာပါဘူး။ PCA က အနိုင်ပေးလိုက်တဲ့ အမိန့်ကို ကိုင်ပြီး မောရစ်သျှဘက်က ကုလကို တင်ပါတယ်။ ပြဿနာက UNSC မှာ ဗြိတိန်နဲ့ အမေရိကန်က ဗီတိုနဲ့ စောင့်နေပါတယ်။ ဒီတော့ မောရစ်သျှအတွက် လမ်းပိတ်ပြီလို့ ထင်စရာပါ။ ဒါပေမယ့် လက်တွေ့မှာ အဲလိုမဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်မှာ UNGA က ဒီကိစ္စကို ICJ ထံ တင်ပါတော့တယ်။ ဒီလိုတင်ပြီးနောက်မှာ ဗြိတိန်တရားသူကြီးကိစ္စ ကုလမှာ ပွဲဆူခဲ့တာပါ။ ICJ က ၂၀၁၉ ခုနှစ်မှာ အမိန့်ချလိုက်ပြီး မောရစ်သျှကို အနိုင်ပေးလိုက်ပါတယ်။ ဗြိတိန်က ၂၀၁၉ ခုနှစ် ICJ ဆုံးဖြတ်ချက်ဟာ “အကြံပြုချက် (Advisory Opinion)” သာ ဖြစ်ပြီး ဥပဒေအရ လိုက်နာရန် မလိုဆိုပြီး အကြောင်းပြပါတယ်။
ICJ အမိန့်ပဲ ဖြစ်ဖြစ်၊ PCA အမိန့်ပဲ ဖြစ် ဖြစ် UNSC ကိုတင်လာရင် ဗြိတိန်နဲ့အမေရိကန်က ဗီတိုနဲ့ ပိတ်ချမှာပါ။
၂၀၁၆ ခုနှစ်မှာ ဗြိတိန်ဟာ EU က နုတ်ထွက်ဖို့ဆုံးဖြတ်လိုက်လို့ ဥရောပရပ်ဝန်းနဲ့လည်းအထစ်အငေါ့တွေရှိနေပါတယ်။
UNSC မှာ ဗီတိုနဲ့ အသေပိတ်ထားလို့ရပေမယ့် တဖက်မှာက ဗြိတိန်ဟာ သူရဲ့ ဓနသဟာယ အုပ်စုရဲ့ ဈေးကွက်ကို လက်လွတ်လို့မရပါဘူး။ EU က နုတ်ထွက်လို့ ဖြစ်လာမယ့် ကုန်သွယ်ရေးဆိုင်ရာ ထိခိုက်မှုတွေကို ဓနသဟာယ ဈေးကွက်နဲ့ ကုစားရမှာပါ။ မောရစ်သျှက ဓနသဟာယအဖွဲ့ဝင်နိုင်ငံပါ။ ဒီတော့ ဓနသဟာယ အုပ်စုထဲ ကိုယ်ကဦးဆော င်သူနေရာကနေပြီး ကိုယ့်အောက်ကသူကို အနိုင်ကျင့်နေတယ်လို့ ကျန်အဖွဲ့ဝင်တွေက မြင်လာပြီး ကုန်သွယ်ရေးကို ထိ ခိုက်လာရင် အခြေအနေက ခက်သွားမှာပါ။
ဒါပေမယ့်ဗြိတိန်ဘက်က ကမ္ဘာ့တရားစီရင်ရေးယန္တရားတွေရဲ့ အမိန့်တွေကို ငြင်းဆန်နေတုန်းပါပဲ။
အဲလိုငြင်းဆန်နေလို့ ရိုက်ခတ်မှုတွေကိုလည်းခံနေတုန်းပဲ။ ၂၀၂၀ ပြည့်နှစ်မှာ ဗြိတိန်ဟာ EU က အပြည့်အဝနုတ်ထွ က်လိုက်ပါပြီ။
သူရဲ့ ဓနသဟာယနိုင်ငံတွေနဲ့ စီးပွားရေးချည်နှောင်မှုတွေကလည်း အထိုင်ကျလာခဲ့ပါပြီ။ နိုင်ငံတကာမျက်နှာစာမှာလည်း ဩဇာတည်ဆောက်ဖို့အတွ က် ပုံရိပ်ကောင်းကို ပြန်အဖတ်ဆည်လာပါတယ်။
နိုင်ငံတကာတရားရုံး သုံးခုရဲ့ အမိန့်နဲ့ နိုင်ငံတကာဖိအားတွေကြားမှာ ချာဂိုစ်ကျွန်းနဲ့ ပတ်သက်လို့လည်း ဗြိတိန်ဘက်က ဗျူဟာကို ပြောင်းလဲလာရပါတယ်။ ပြောင်းလဲ လာတဲ့ ဗျူဟာက ချာဂိုစ်ကျွန်းရဲ့ မဟာဗျူဟာမြောက်အကျိုးစီးပွားကိုလည်း သူ့အတွက်ဆက်ရှိနေရမယ်။ မောရစ်သျှရဲ့ အချုပ်အခြာအာဏာထဲမှာ ချာဂိုစ်ကျွန်းရှိနေမယ်ဆိုတဲ့ အကွက်ပါ။
ဒီကြားထဲ မောရစ်သျှနဲ့ မော်လဒိုက်က နယ်နိမိတ်အငြင်းပွားတော့ အငြင်းပွားတဲ့ဧရိယာထဲမှာ ချာဂိုစ်ကျွန်းနဲ့ ဆက်စပ်မှုရှိတဲ့ ဧရိယာတွေပါလာပါတယ်။
အဲဒီလိုနဲ့ မောရစ်သျှနဲ့ မော်လဒိုက် ဟာ အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင်ဥပဒေခုံရုံး (International Tribunal for the Law of the Sea – ITLOS) အောက်ကို ရောက်သွားပါတယ်။ ITLOS ခုံရုံးက မောရစ်သျှနဲ့ မော်လဒိုက် ကိစ္စမှာ မော်ရစ်သျှကို ၂၀၂၁ ခုနှစ်မှာ အနိုင်ပေးလိုက်ပါတယ်။ ကြားမှာ ဗြိတိန်က ဝင်ကန့်ကွက်တော့ ခုံရုံးက ဗြိတိန်ကန့်ကွက်ချက်ကို ပါယ်ချပါတယ်။ ၂၀၂၃ ခုနှစ်မှာ ITLOS က နယ်နိမိတ် သတ်မှတ်မျဉ်း အမိန့်ချလိုက်ပါတယ်။
မောရစ်သျှအတွက် PCA တရားရုံးက ဗြိတိန်ရဲ့ ပင်လယ်ပြင်ဥပဒေ ချိုးဖောက်မှုကို ထောက်ပြခဲ့ပြီး ဒီအမိန့်ကို အထောက်အကူပြုပြီး UNGA က ICJ တရားရုံးကို တင်တဲ့အခါ မောရစ်သျှရဲ့ ကျွန်းစုပိုင်ဆိုင်မှု အချုပ်အခြာအာဏာကို ICJ ဘက်က အတည်ပြုပေးခဲ့ပါတယ်။ ITLOS တရားရုံး ICJ ရဲ့ ဆုံးဖြတ်ချက်ကို ဥပဒေအရ စည်းနှောင်မှုရှိသော (Legally Binding) အဖြစ် အသက်ထပ်သွင်းပေးလိုက်ပါတယ်။
နိုင်ငံတကာ မျက်နှာစာမှာ ဗြိတိန်ကလည်း သူ့ဩဇာနဲ့ အကျိုးစီးပွားအတွက် အဖတ်ဆည်ရင်း ITLOS အပြီးသတ်အမိန့်ချတဲ့ ၂၀၂၃ ခုနှစ်မှာပဲ တဖက်မှာ ICJ တရားသူကြီးအဖွဲ့ကို ပြန်ရွေးတော့ ဗြိတိန် ပြန်ပါလာခဲ့ပါပြီ။ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ ချာဂို့စ်ကျွန်းစုရဲ့ အချုပ်အခြာအာဏာကို မော်ရစ်သျှနိုင်ငံကို ပြန်လည်လွှဲပြောင်းပေးဖို့ကို ဗြိတိန်က ကြေငြာလာခဲ့ပါတယ်။
လက်ရှိမှာတော့ ချာဂို့စ်ဒေသခံ ကျွန်းသားတွေရဲ့ အခွင့်အရေးကိစ္စက မောရစ်သျှနဲ့ ဗြိတိန်ကြားမှာ စကားပြောနေရတုန်းပါ။
ဘယ်လိုပဲ ပြောပြောပါ။ဒီအခင်းအ ကျင်းက လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဗီတိုနိုင်ငံတွေဟာလည်း တခါတခါမှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆန္ဒနဲ့ စုစည်းမှုကို ရင်ဆိုင်လာရရင် အရှိုက်ကိုထိတတ်တယ် ဆိုတာကိုပြနေတာပါ။
ဗီတိုဟာ ရွာလူကြီးတွေလက်ထဲက နှစ်လုံးပြူသေနတ်ဆိုရင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အများစုရဲ့ ဆန္ဒနဲ့ နိုင်ငံတကာ ယန္တယားတွေဟာလည်း လက်ထဲမှာလည်း လေးဂွ ကိုင်ထားတယ္လို့ပဲ ပြောရမှာပါ။ နှစ်လုံးပြူးက လေးဂွ ထက် အင်အားကြီးပေမယ့် လေးဂွနဲ့ ပစ်လို့ ချက်ကောင်းကိုထိသွားရင်လည်း အထိနာတတ်တယ်ဆိုတဲ့ သဘောသဘာဝမျိုးက နိုင်ငံတကာ ယန္တယားထဲမှာ ရှိပါတယ်။ လေးဂွ မှန်ဖူးတဲ့ သူကြီးတွေလည်း တခါတခါမှာ ရှိတတ်ပါတယ်။
အဲဒီလိုရွာသူကြီးတွေ လေးဂွမှန်ဖူးတဲ့ဖြစ်စဉ်တွေကိုကြည့်ရင် ယေဘူယျတူတဲ့အချက်တွေရှိပါတယ်။
အဲဒါက ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးအဆင်မပြေတာ ဥပမာဗြိတိန် EU က နုတ်ထွက်သလိုမျိုး၊ နောက်တခုက တရားမျှတမှုကို ကိုယ်တိုင်က ချိုးဖောက်မိတာ၊ ပြီးရင် နိုင်ငံတကာ သဘောတူညီချက်တွေနဲ့ နိုင်ငံတကာ တရားစီရင်ရေးယန္တရားအမိန့်တွေ စက်ကွင်းထဲရောက်နေပြီး အခြေအနေမလှဖြစ်နေတာတွေက တူပါတယ်။
ဩဇာ၊ ငွေကြေးဓနနဲ့ လက်နက်ပါဝါကောင်းတဲ့ ရွာကရပ်မိရပ်ဖတွေတောင် နိုင်ငံတကာယန္တယားတွေကြားမှာ လေးဂွ မှန်ဖူးရင် အဲဒီရွာလူကြီးတွေလောက်အင်အားမရှိတဲ့ တရွာလုံးကပြောမရဆိုမရချဉ်ဖတ်ဖြစ်နေတဲ့ သူတွေ အတွက်တော့ ပြောစရာလိုမယ် မထင်ပါဘူး။
ဆက်ရန်…
ကိုးကား…
ICJ မှာရုရှားတရားသူကြီးရွေးကောက်မခံရ
ယူကရိမ်းကိစ္စ ရုရှား ICJ နေရာအပေါ်ရိုက်ခတ်
၂၀၂၃ ခုနှစ် ICJ တရားသူကြီးရွေးချယ်ပွဲ
ICJ မှာ ဗြိတိန်ကိုယ်စားပြုခွင့်ဆုံးရှုံး
https://www.bbc.com/news/uk-42061028
https://www.lalitmauritius.org/en/newsarticle/2038/as-mauritius-finally-takes-on-uk-usa-britain-loses-its-seat-on-icj/?hl=en-GB
နိုင်ငံတကာတရားစီရင်ရေးယန္တရားတွေနဲ့ချာဂိုစ်ကျွန်း
ချာဂိုစ်ကျွန်း အချုပ်အခြာအာဏာအား ဗြိတိန်မှ မောရစ်သျှထံပေးပြန်ပေးခြင်းနဲ့စစ်အခြေစိုက်စခန်း ဆက်ထားရှိခြင်း သဘောတူညီချက် (၂၀၂၅) ခုနှစ်
#ဂမ်ဘီယာ #မြန်မာ #ရုရှား #တရားသူကြီး #BNA









