မြစ်ကြီးနားလေဆိပ်မှာ MNA လေယာဉ်တစီး ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ လေဆိပ်ကိုယာယီပိတ်ထား
Border News Agency မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၁။ ကချင်ပြည်၊ မြစ်ကြီးနားလေဆိပ်ဟာ ဖေဖော်ဝါရီလ၂၀ ရက်၊ ည ၈ နာရီကျော်ခန့်မှာ FPV Suicide Drone တွေနဲ့ တိုက်ခိုက်ခံရတာကြောင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က ခရီးသည်တင်လေယာဉ်တစီး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ တိုက်ခိုက်ခံရမှုဟာ မြစ်ကြီးနားကနေ မန္တလေးကိုထွက်ခွာဖို့ ခရီးသည်တွေတင်ဆောင်ကာ ပြင်ဆင်နေတဲ့ MNA ပိုင် ATR - 72 - 600 အမျိုးအစားလေယာဉ်ကို ဦးတည်ခဲ့တာပါ။ ဒရုန်းတွေ ပေါက်ကွဲမှုကြောင့် လေယာဉ်ရဲ့ခေါင်းပိုင်း၊ ကိုယ်ထည်နဲ့ နောက်မြီးပိုင်းတို့ ထိမှန်ပျက်စီးခဲ့ပေမယ့် ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ဘူးလို့သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို KIA နဲ့ PDF အဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ထားပေမယ့် တော်လှန်ရေးအဖွဲ့တွေဘက်ကတော့ တစုံတရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။ အဲဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ မြစ်ကြီးနားလေဆိပ်ကို ယာယီပိတ်ထားပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက လေဆိပ်အတွင်းနဲ့ ပတ်ဝန်းကျင်ကို စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။









