BNA Author

BNA Author

ထားဝယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဗိုလ်ကြီးအပါအဝင် ၁၉ ဦးသေဆုံး

​တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာရှိတဲ့ စစ်ကော်မရှင်တပ်စခန်းတခုနဲ့ စစ်ဆေးရေးဂိတ်တခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကြီးတဦးအပါအဝင် ၁၉ ဦး သေဆုံးသွားခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA)က ထုတ်ပြန်ပါတယ်။  အဲဒီ မောင်မယ်ရှောင်ကျေးရွာမှာရှိတဲ့ GTC တပ်စခန်းနဲ့ဘုရားမဲစစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၄ နာရီနီးပါး ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ တိုက်ပွဲအတွင်း GTC တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ယာယီသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ​ဘုရားမဲစစ်ဆေးရေးဂိတ်ကိုပါ သိမ်းပိုက်နိုင်ဖို့ အခြေအနေကောင်းနေချိန်မှာ စစ်ကော်မရှင်ဘက်က စစ်ကူစစ်ကြောင်းတွေ ရောက်ရှိလာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒိီတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က အသေအပျောက်များသလို သူတို့ဆီလက်နက်မျိုးစုံ ၁၈ လက်နဲ့ ခဲယမ်းမီးကျောက် အမြောက်အမြားကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ အဲဒီသိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ စက်လတ် ၁ လက်၊ G3 ၁၃ လက်၊ G4 ၂ လက်အပြင် ကျည်ဆန် ၃,၀၀၀ ကျော်နဲ့ လက်ပစ်ဗုံးတွေ၊ စကားပြောစက်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ​အဲဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) ရဲ့ ဒူရကစစ်ကြောင်းနဲ့ ထားဝယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

​မောင်တောဒေသမှာနွေစပါး စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်နေ

​အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ အနောက်ဘက်နယ်စပ် မောင်တောဒေသမှာ ဒီနှစ်နွေစပါးစိုက်ပျိုးမှုတွေဟာ အရင်နှစ်တွေကထက် ပိုမိုဖြစ်ထွန်း အောင်မြင်နေတယ်လို့ သိရပါတယ်။ ​အာရက္ခဒေသရဲ့ အနာဂတ် စားနပ်ရိက္ခာဖူလုံရေးအတွက် မောင်တောဒေသအတွင်းမှာရှိတဲ့ ဆည်တွေနဲ့ ရေချိုတောင်ကျချောင်းတွေရှိရာ နေရာတွေကို အဓိကထားပြီး ဒီ ၂၀၂၆ ခုနှစ်အတွင်းမှာ အားတက်သရော စိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။ ​အခုလို နွေစပါးတွေအောင်မြင်ဖြစ်ထွန်းနေတာကြောင့် လာမယ့်ရာသီမှာဒေသတွင်း ဆန်စပါးလိုအပ်ချက်ကို တဖက်တလမ်းက ဖြည့်ဆည်းပေးနိုင်မှာဖြစ်သလို စစ်ဘေးဒဏ်သင့် ပြည်သူတွေအတွက်လည်းရိက္ခာအခက်အခဲကို ပြေလည်စေမှာပါ။ ​အာရက္ခတပ်တော်ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ ဒေသခံတောင်သူတွေအနေနဲ့ လုံခြုံစိတ်ချစွာ စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်လာနိုင်သလို စိုက်ပျိုးရေရရှိဖို့ကိုလည်း တာဝန်ရှိသူတွေဘက်က ပံ့ပိုးပေးနေတာကြောင့် ပိုမိုဖြစ်ထွန်းလာတာ ဖြစ်ပါတယ်။ အဲဒီအပြင် တိုက်ပွဲတွေကြောင့် ပျက်စီးသွားခဲ့တဲ့ စိုက်ပျိုးရေးကဏ္ဍကို ပြန်လည်ဦးမော့လာအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့လမ်းညွှန်မှုနဲ့ ဒေသခံတွေ ပူးပေါင်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။

ဓာတ်ပုံ - စစ်ကော်မရှင်

ဖားဆောင်းမြို့ကို စစ်ကော်မရှင်တပ်ပြန်လည်ထိန်းချုပ်

​ကရင်နီပြည်အတွင်းရှိ တော်လှန်ရေးပူပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖားဆောင်းမြို့ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။ ​ဖားဆောင်းမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကော်မရှင်တပ်ဟာ ရန်နိုင်မင်း စစ်ဆင်ရေးအမည်နဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာယလကတည်းက ဘောလခဲ-ထူးချောင်း-ဖားဆောင်း လမ်းကြောင်းအတိုင်း စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ ​အဲဒီ စစ်ဆင်ရေးကာလအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲကြီး၊တိုက်ပွဲငယ် ၃၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ​ဖားဆောင်းမြို့ကို မထိန်းချုပ်နိုင်ခင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြို့အဝင်ရှိ နမ့်ကစ်ကျေးရွာနဲ့ ပါပုကျေးရွာတို့ကို စစ်ကော်မရှင်တပ်က ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းပိုက်ခဲ့ရပြီးနောက် မနေ့က မြို့ထဲကို ဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ​မြို့ပေါ်တိုက်ပွဲတွေအတွင်း ဘာသာရေးအဆောက်အဦတွေ၊ စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ရသလို၊ လက်ရှိမှာတော့ မြို့အတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ​ဖားဆောင်းမြို့ကို ပြန်လည်ရရှိပြီဖြစ်လို့ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း လမ်းမကြီးကို မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်တော့မယ်လို့ စစ်ကော်မရှငိတပ်ကဆိုထားပေမယ့် မြေပြင်မှာတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

​Photo - CIB Thailand

ထိုင်းမှာကောလ်စင်တာဂိုဏ်းအတွက် ငွေထုတ်ပေးနေတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားသား ၄ ဦး ဖမ်းဆီးခံရ

​ထိုင်းနိုင်ငံ၊ နည်းပညာရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ (TCSD) နဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) တို့ ပူးပေါင်းကာ ကောလ်စင်တာဂိုဏ်းထံက ငွေတွေကို ဘဏ်အကောင့်တု (မူးအကောင့်)ကတဆင့် လိုက်လံထုတ်ယူပေးနေတဲ့ နိုင်ငံခြားသား ၄ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ​အဲဒီနိုင်ငံခြားသားတွေကို စမွတ်ပရာကန်ခရိုင်အတွင်းရှိ ကွန်ဒိုနဲ့ တိုက်ခန်းတွေမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ CIB ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ​အဲဒီ ဖမ်းဆီးရမိသူတွေဟာ ကမ္ဘောဒီးယားနိုင်ငံသား ၃ ဦးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် မဆိုဖွန်၊ အသက် ၂၃ နှစ်အရွယ် မောင်ဘန်နာရစ်၊ အသက် ၃၇ နှစ်အရွယ် မဆိုရန် နဲ့ မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် မောင်တက် တို့ ဖြစ်ကြပါတယ်။ သူတို့ကို ပြည်သူတွေကို လိမ်လည်မှု၊ ကွန်ပျူတာစနစ်အတွင်း သတင်းအမှားထည့်သွင်းမှုနဲ့ ငွေကြေးခဝါချမှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ​ဒီအမှုဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဖုန်းရောင်းတယ်ဆိုပြီး ငွေလွှဲယူပြီး ပစ္စည်းမပို့တဲ့ လိမ်လည်မှုကနေ စတင်ခဲ့တာပါ။ အဲဒီနောက် ရဲတပ်ဖွဲ့အယောင်ဆောင်ထားတဲ့ ဂိုဏ်းဝင်တွေက နစ်နာသူတွေကို ဆက်သွယ်ကာ ဆုံးရှုံးသွားတဲ့ ငွေပြန်ရအောင် ကူညီမယ်ဆိုပြီး ရှယ်ယာရင်းနှီးမြှုပ်နှံခိုင်းကာ ထပ်မံလိမ်လည်ခဲ့ပါတယ်။ အဲဒါကြောင့် နစ်နာသူစုစုပေါင်း ဘတ် ၈ သိန်းကျော် (မြန်မာငွေ သိန်း ၈၀၀ နီးပါး) ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ​ဒါအပြင် အဲဒီ တရားခံတွေကို ဖမ်းဆီးချိန်မှာ ငွေသား ဘတ် ၃ သိန်းကျော်၊ စုစုပေါင်းပစ္စည်းတန်ဖိုး ဘတ် ၅ သိန်းကျော်ဖိုးနဲ့အတူ လက်ကိုင်ဖုန်းတွေ၊ ATM ကတ်တွေ၊ ဘဏ်စာအုပ်တွေနဲ့အတူ ပြစ်မှုကျူးလွန်စဉ်က ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ​တရားခံတွေရဲ့ ထွက်ဆိုချက်အရ မဆိုဖွန်ဟာ ဘဏ်အကောင့်တုပိုင်ရှင်ဖြစ်ပြီး တခါ ငွေထုတ်ပေးရင် ကော်မရှင်ခ ၂၀ ရာခိုင်နှုန်း ရရှိတယ်လို့ ဆိုပါတယ်။ ဒါအပြင် မောင်ဘန်နာရစ်က ဂိုဏ်းခေါင်းဆောင်နဲ့ ငွေထုတ်အဖွဲ့ကို ပေါင်းစပ်ပေးသူဖြစ်ပြီး ငွေတွေကို နယ်စပ်သို့ ပို့ဆောင်ပေးရသူဖြစ်တယ်လို့ ဆိုပါတယ်။ ​မြန်မာအမျိုးသားဖြစ်တဲ့ မောင်တက်ကတော့ ဘဏ်အကောင့်တုပိုင်ရှင်ဆီကို ငွေထုတ်ပေးသူဖြစ်ကာ တကြိမ်ကို အခကြေးငွေ ဘတ် ၅၀၀ ရရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ သူတို့အားလုံးကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ သက်ဆိုင်ရာ ရဲစခန်းဆီ ပို့ဆောင်ထားပြီးဖြစ်တယ်လို့သိရပါတယ်။

​ထိုင်းမှာ ခွေးရူးပြန်ရောဂါနဲ့မြန်မာနိုင်ငံသားတဦးသေဆုံး

​ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်မှာ ခွေးရူးပြန်ရောဂါ (Rabies) နဲ့ ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံး သေဆုံးသူတဦး ရှိလာတယ်လို့ ထိုင်းရောဂါထိန်းချုပ်ရေးဌာန (DDC) က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ​အဲဒီသေဆုံးသူဟာ အသက် ၃၆ နှစ်အရွယ် မြန်မာအမျိုးသားတဦး ဖြစ်တယ်လို့ သိရပါတယ်။ ​ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလတုန်းက ခွေးပေါက်လေးတကောင်က သူ့ကိုလက်ဖဝါးကို ကိုက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီအချိန်က ဒဏ်ရာကိုဆရာဝန်နဲ့ သေချာမပြသခဲ့သလို ကာကွယ်ဆေးထိုးဖို့ကိုလည်းငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ ​အကိုက်ခံရပြီး တလကျော်အကြာ ဇန်နဝါရီလ ၂၃ ရက်မှာတော့ ရေသောက်ပြီးနောက် ရင်ဘတ်အောင့်တာ၊ အသက်ရှူရခက်တာနဲ့ ခေါင်းမူးတာမျိုးတွေ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီလို ရောဂါလက္ခဏာပြပြီး ၂ ရက်အကြာမှာပဲ သေဆုံးသွားခဲ့တာဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးချက်အရ ခွေးရူးပြန်ရောဂါပိုး (Rabies) ကူးစက်ခံရတာကို အတည်ပြုနိုင်ခဲ့တာပါ။ ​ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တနှစ်လုံးမှာ ခွေးရူးပြန်ရောဂါနဲ့ သေဆုံးသူ ၇ ဦးအထိ ရှိခဲ့ပါတယ်။ အဲဒီသေဆုံးသူအားလုံးဟာ တိရစ္ဆာန်ကိုက်ခံရပြီးနောက် ကာကွယ်ဆေး သွားရောက်မထိုးနှံကြတာချင်း တူညီနေတယ်လို့ သိရပါတယ်။ ​ခွေးရူးပြန်ရောဂါဟာ လက္ခဏာစပြပြီဆိုတာနဲ့ ကုသလို့မရတော့သလို ၁၀၀ ရာခိုင်နှုန်း သေဆုံးနိုင်တဲ့ ရောဂါဖြစ်တယ်လို့ ဆိုပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ လူနာက ရေကြောက်တာ၊ လေကြောက်တာ၊ အလင်းရောင်ကြောက်တာတွေအပြင် အစာမျိုရခက်ပြီး ရူးသွပ်တဲ့လက္ခဏာတွေ ပြလာတတ်တယ်လို့ ဆိုပါတယ်။ အဲ​ဒါကြောင့် ခွေး၊ ကြောင် ဒါမှမဟုတ် နို့တိုက်သတ္တဝါတစ်မျိုးမျိုး ကိုက်တာ၊ ကုတ်တာ ခံရရင်ဖြစ်ဖြစ်၊ ဒဏ်ရာကို လျက်ခံရရင်ဖြစ်ဖြစ် ချက်ချင်း ရေ၊ ဆပ်ပြာတို့နဲ့ စင်ကြယ်အောင် ဆေးကြောဖို့ လိုအပ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေအနေနဲ့လည်း မိမိတို့ရဲ့ ခွေး၊ကြောင်တွေကို နှစ်စဉ်ကာကွယ်ဆေး ထိုးနှံပေးကြဖို့ တိုက်တွန်းထားပါတယ်။

​ဖိလစ်ပိုင်သင်္ဘောနစ်မြုပ်မှုမှာ သေဆုံးသူ ၅၇ ဦးအထိ ရှိလာပြီး ၂၂ ဦး ပျောက်ဆုံးနေ

​ဖိလစ်ပိုင်တောင်ပိုင်း၊ ဘာစီလန်ကမ်းလွန်ပင်လယ်ပြင်မှာ ခရီးသည် ၃၅၀ ကျော် လိုက်ပါလာတဲ့ ကူးတို့သင်္ဘောတစီး နစ်မြုပ်ခဲ့ရာမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိသေဆုံးသူ ၅၇ ဦးအထိ ရှိလာပြီလို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ထုတ်ပြန်ပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ရေငုပ်သမားတွေက ရေအောက်ထဲကနေ ရုပ်အလောင်း ၃ လောင်းကို မနေ့ကထပ်မံဆယ်ယူရရှိခဲ့တယ်လို့သိရပါတယ်။ ​အဲဒီကူးတို့သင်္ဘောဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ကစပြီး ခရီးသည်နဲ့ သင်္ဘောအမှုထမ်း ၃၅၀ ကျော်နဲ့အတူနစ်မြုပ်သွားခဲ့တာဖြစ်ပြီး ရှာဖွေရေးလုပ်ငန်းတွေကို သီတင်းပတ် နှစ်ပတ်နီးပါးကြာအောင် ဆက်တိုက်ဆောင်ရွက်နေရတာဖြစ်တယ်လို့ သိရပါတယ်။ ​ဌာနပေါင်းစုံက စာရင်းတွေကို ပြန်လည်တိုက်ဆိုင်စစ်ဆေးပြီးနောက် နောက်ဆုံးအတည်ပြုချက်အရ အသက်ရှင်လွတ်မြောက်သူ ၂၉၃ ဦးရှိပြီး ၂၂ ဦးကတော့ အခုထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ​လက်ရှိမှာတော့ ရေအောက်ရေစီးကြောင်း သန်နေတာကြောင့် သင်္ဘောရဲ့ အချို့အခန်းတွေထဲအထိ ဝင်ရောက်ရှာဖွေဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ပျောက်ဆုံးနေသူတွေကို ပြန်တွေ့နိုင်ဖို့အတွက် ကမ်းခြေစောင့်တပ်ဖွဲ့က ရေငုပ်ရှာဖွေမှုတွေကို အရှိန်အဟုန်မြှင့်ပြီး ဆက်လုပ်နေကြတယ်လို့ သိရပါတယ်။

အိန္ဒိယမှာ မုန်တိုင်းမိပြီးထိန်းသိမ်းခံထားရတဲ့ မြန်မာရေလုပ်သား ၅ ဦး နေရပ်ပြန်ရောက်

​ပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာရေလုပ်သား ၅ ဦး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီလို့ သိရပါတယ်။ ​အဲဒီရေလုပ်သား ၅ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပင်လယ်ပြင်မှာ ငါးဖမ်းနေရင်း မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံဘက်ကို ရောက်ရှိသွားခဲ့တာပါ။ အဲဒီနောက် အိန္ဒိယနိုင်ငံ၊ Trichy မြို့က အထူးစခန်း (Special Camp) မှာ ထိန်းသိမ်းခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ​သူတို့ကို နေရပ်ပြန်ပို့နိုင်ဖို့အတွက် သက်ဆိုင်ရာ နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၄ ရက်၊မနက်ပိုင်းမှာ ချန်နိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေတဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) နဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ​အခုပြန်လည်ရောက်ရှိလာတဲ့ ရေလုပ်သားတွေဟာ Trichy မြို့နဲ့ ချန်နိုင်းမြို့တွေမှာရှိတဲ့ နိုင်ငံခြားသားမှတ်ပုံတင်ရေးရုံးတွေနဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ရရှိခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ - စစ်ကော်မရှင်

လက်နက်ကိုင်တွေကြောင့်ပြည်သူဒုက္ခရောက်နေတယ်လို့စစ်ခေါင်းဆောင်ပြော

​စစ်ကိုင်းတိုင်းမတည်ငြိမ်မှုဟာ ဒေသခံတွေအသိပညာနည်းတာနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ငွေကြေးကောက်ခံမှုကြောင့် ပြည်သူတွေ ဝန်ထုတ်ဝန်ပိုးဖြစ်နေရတာလို့ စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုလိုက်ပါတယ်။ ​ဒါပေမယ့် မြေပြင်မှာတော့ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှု၊လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြရတာ ဖြစ်ပါတယ်။ ​ဟုမ္မလင်းမြို့ ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်က စစ်ကိုင်းတိုင်းအတွင်းက ပဋိပက္ခတွေကို ပညာရေးအားနည်းမှုနဲ့ ဆက်စပ်ပြောဆိုခဲ့သလို တော်လှန်ရေးအဖွဲ့တွေက ဒေသခံတွေဆီက ငွေကြေးကောက်ခံနေတာကြောင့် ပြည်သူတွေ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။ ​လက်တွေ့မှာတော့ စစ်ကော်မရှင်တပ်တွေရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေအတွင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူ သောင်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။ ​စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အတော်များများမှာ စစ်ကော်မရှင်ဘက်က လေကြောင်းတိုက်ခိုက်တာတွေအပြင် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အဦတွေ ပျက်စီးနေရသလို အရပ်သားသေဆုံးမှုတွေလည်း တနေ့ထက်တနေ့ များပြားလာနေတာပါ။ ​စစ်ကိုင်းတိုင်းဟာ စစ်ကော်မရှင်တပ်ကို အပြင်းထန်ဆုံးခုခံနေတဲ့ ဒေသဖြစ်တာကြောင့် စစ်ကော်မရှင်ဘက်က နယ်မြေစိုးမိုးရေးအတွက် မြေပြင်၊ ဝေဟင်အင်အားတွေကို အလွန်အကျွံ သုံးစွဲနေတာဖြစ်ပါတယ်။ အဲဒီလုပ်ရပ်တွေကြောင့် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ အဖတ်ဆယ်မရအောင်ပျက်စီးနေရတာဖြစ်ပါတယ်။

​Photo - North Now

ချင်းမိုင်နယ်စပ်မှာစိတ်ကြွဆေး ၃ သန်းခွဲကျော် ဖမ်းမိပြီး မူးယစ်အဖွဲ့ဝင် ၅ ဦး သေဆုံး

​ထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ခရိုင်အတွင်းမှာ တရက်အတွင်း စိတ်ကြွဆေးပြား ၃ သန်းခွဲခန့်သိမ်းဆည်းရမိခဲ့သလို အပြန်အလှန်ပစ်ခတ်မှုကြောင့် မူးယစ်အဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဖာမိန်းစစ်ဆင်ရေးတပ်ဖွဲ့ (Pha Muang Force) က ဖေဖော်ဝါရီလ ၁၅ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ ချင်းမိုင်ခရိုင်၊ မယ်အိုင်း (Mae Ai) မြို့နယ်၊ သာမကန်းရွာအနီး နယ်စပ်တောထဲမှာဝှက်ထားတဲ့ ကောက်ရိုးအိတ် ၁၉ အိတ်ကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက​ဖေဖော်ဝါရီလ ၁၅ ရက်၊ညနေပိုင်းရှာဖွေတွေ့ရှိခဲ့တာပါ။ အဲဒီအိတ်တွေထဲကနေ စိတ်ကြွဆေးပြား စုစုပေါင်း ၂ သန်းခွဲကို သိမ်းဆည်းရမိခဲ့ပေမယ့် တရားခံတွေကိုတော့ ရှာမတွေ့သေးဘူးလို့ဆိုပါတယ်။ ​အဲဒီလို ဖမ်းဆီးရမိမှုမတိုင်ခင် နာရီပိုင်းအလိုမှာပဲ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်၊ စန်ဂျုရွာအနီး နယ်စပ်မှာ မူးယစ်ဆေးသယ်ဆောင်လာသူတွေနဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲကြောင့် မူးယစ်အဖွဲ့ဝင် ၅ ဦး သေဆုံးသွားခဲ့ပြီး စိတ်ကြွဆေးပြား ၁ သန်းကျော် ၁၄ အိတ် ကို သိမ်းဆည်းရမိခဲ့တာပါ။ ​ဖာမိန်းတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊အောက်တိုဘာလ ၁ ရက်ကနေ ဒီနေ့အထိ ၄ လကျော်အတွင်းမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၂၂၈ ကြိမ် ရှိခဲ့ပြီလို့ သိရပါတယ်။ အဲဒီဖမ်းဆီးမှုတွေအတွင်း တရားခံ ၂၃၉ ဦးကို ဖမ်းမိခဲ့သလို သိမ်းဆည်းရမိတဲ့ စိတ်ကြွဆေးပြားပေါင်း ၁၂၅ သန်းကျော်အထိ ရှိနေပြီလို့ ဆိုပါတယ်။ ​ဒါ့အပြင် ၄ လကျော်အတွင်း နယ်စပ်မှာ တိုက်ပွဲဖြစ်ပွားမှု ၃၂ ကြိမ် ရှိခဲ့ပြီး မူးယစ်အဖွဲ့ဝင် ၁၆ ဦး သေဆုံးသွားခဲ့ပြီလို့လည်း သိရပါတယ်။ အဲဒီ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ဘန်ကောက်မြို့ကို ရောက်သွားမယ်ဆိုရင် ကာလတန်ဖိုး ဘတ်သန်းပေါင်း ၂၄,၄၀၇ သန်းခန့် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ ​လက်ရှိမှာ နယ်စပ်တလျှောက် မူးယစ်ဆေးဝါး ဝင်ရောက်မှုတွေ အလွန်များပြားနေတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေစစ်ဆေးမှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

​တီမောလက်စ်တေသံရုံးယာယီတာဝန်ခံကို ၇ ရက်အတွင်း ထွက်ခွာဖို့ စစ်ကော်မရှင်ပြော

​ရန်ကုန်မြို့မှာရှိတဲ့ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာ အေလီယို ဒီ ရိုဆာရီယို ဖာနန်ဒက်စ် (Mr. Elio de Jesus Rosario Fernandes) ကို လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ထက်နောက်မကျဘဲ မြန်မာနိုင်ငံကနေ ထွက်ခွာသွားဖို့ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ၁၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ​တီမောလက်စ်တေ အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတာကြောင့် အခုလို သံတမန်ရေးအရ အရေးယူရတာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်။ ​ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ တီမောလက်စ်တေ သမ္မတဟာ မြန်မာစစ်တပ်အရာရှိတွေကို တရားစွဲဆိုဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတခုရဲ့ ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ရပ်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ မူဝါဒကို ချိုးဖောက်တာဖြစ်သလို အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာဟာ လက်ခံနိုင်စရာမရှိဘူးလို့ စစ်ကော်မရှင်ဘက်က ဆိုပါတယ်။ ​ဒီကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီလ၂၉ ရက်နေ့က လာအိုနိုင်ငံမှာကျင်းပတဲ့ အစည်းအဝေးတုန်းကလည်း စစ်ကော်မရှင်ဘက်က ကန့်ကွက်ခဲ့သလို တီမောလက်စ်တေဘက်က ရှင်းလင်းချက်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် တီမောလက်စ်တေဘက်က တရားဝင်ရှင်းလင်းချက် မပေးတဲ့အပြင် မြန်မာနိုင်ငံက အဖွဲ့အစည်းအချို့နဲ့ ဆက်လက်ထိတွေ့နေတာကြောင့် အခုလို သံတမန်ကို နှင်ထုတ်တဲ့အထိ ဖြစ်လာတာပါ။ ​မြန်မာနိုင်ငံအနေနဲ့ နိုင်ငံအချင်းချင်း တန်းတူရည်တူရှိရေးနဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ မူဝါဒတွေကို လေးစားလိုက်နာဖို့ တီမောလက်စ်တေဘက်ကို အမြဲတစေ သတိပေးခဲ့တယ်လို့လည်းဆိုပါတယ်။ ​အတယ်လို့ တီမောလက်စ်တေဘက်က သူတို့ရဲ့ ရပ်တည်ချက်တွေကို မပြောင်းလဲဘူးဆိုရင် နောက်ထပ် ပိုမိုပြင်းထန်တဲ့ အစီအမံတွေကို ထပ်မံလုပ်ဆောင်သွားမယ်လို့လည်း စစ်ကော်က သတိပေးထားပါတယ်။

Page 30 of 142 1 29 30 31 142

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here