သတင်း

ထိုင်း-လာအိုနယ်စပ်မှာ မူးယစ်ဆေးသုံးစွဲသူ ၂ ဦးကိုထိုင်းအထူးတပ်ဖွဲ့ဖမ်းဆီး

​ထိုင်း-လာအိုနယ်စပ်အနီး Bueng Khong Long မြို့နယ်အတွင်းမှာ ထိုင်းအထူးခြေလျင်တပ်ရင်း ၂၁၀၈ နဲ့ ဒေသခံရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးရှောင်တခင်စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာ မူးယစ်ဆေးသုံးစွဲသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီ ​ပူးပေါင်းအဖွဲ့ဟာ လမ်းသွားလမ်းလာတွေနဲ့ယာဉ်တွေကိုစစ်ဆေးတဲ့စစ်ဆေးရေးဂိတ်တခုကို တည်ဆောက်ခဲ့ပြီး ရှောင်တခင်စစ်ဆေးရာကနေ အမျိုးသား ၂ ဦးကို မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာပါ။  အဲဒီ ဖမ်းမိသူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာရဲစခန်းကို ပို့ဆောင်ထားပြီး ဖြစ်တယ်လို့ ထိုင်းဘုရင့်တပ်မတော်က ဖေဖော်ဝါရီလ ၂၁ ရက်၊မနေ့က ထုတ်ပြန်ထားပါတယ်။  ​အဲဒီ ဖမ်းဆီးရမိသူတွေဆီကနေတဆင့် ဒေသတွင်းကမူးယစ်ဆေးဝါးကွန်ရက်တွေကိုပါ ဆက်လက်စုံစမ်းဖော်ထုတ်သွားမှာဖြစ်ပြီး နယ်စပ်ဒေသ မူးယစ်ဆေးဝါးပြဿနာကို ရေရှည်ဖြေရှင်းနိုင်ဖို့ အခုလို စစ်ဆေးဖမ်းဆီးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

Read more

လှည်းကူးမှာရှေ့ထွက်မိုင်း ၆ လုံးတွေ့ရှိမှု PDF တွေလက်ချက်လို့စစ်ကော်မရှင်တပ်စွပ်စွဲ

​ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ဆင်ဖုန် မြောက် ကျေးရွာအနီးမှာရှိတဲ့ လယ်ကွင်းတခုမှာ ဖေဖော်ဝါရီလ ၂၁ ရက်၊မနက်ပိုင်းက ရှေ့ထွက်မိုင်း ၆ လုံးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ စစ်ကော်မရှင်တပ် ထုတ်ပြန်ပါတယ်။ အဲ​ဒီဖြစ်စဉ်ဟာ ဒေသခံတွေရဲ့ သတင်းပေးချက်အရ နယ်မြေခံလုံခြုံရေးအဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးရာကနေ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး လယ်ကွင်းထဲမှာ အသင့်ထောင်ထားတဲ့ အနေအထားနဲ့ရှိနေတဲ့ PC ပိုက် အပြာရောင် နဲ့ ပြုလုပ်ထားတဲ့ ရှေ့ထွက်မိုင်း ၆ လုံးကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ အဲဒီတွေ့ရှိတဲ့ မိုင်းတွေကိုတော့ လုံခြုံရေးအဖွဲ့ဝင်တွေက အန္တရာယ်မရှိအောင် စနစ်တကျ သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီ ဒီမိုင်းတွေဟာ CRPH၊ NUG နဲ့ PDF အဖွဲ့ဝင်တွေက အများပြည်သူဆိုင်ရာ အဆောက်အအုံတွေနဲ့ လမ်းတံတားတွေကို တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ အဲဒါကြောင့် မိုင်းတွေတွေ့တဲ့ နေရာတဝိုက်ကို နယ်မြေရှင်းလင်းတာနဲ့စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေတယ်လို့ဆိုပါတယ်။

Read more

Cobra Gold အတွက်အမေရိကန် Apache ရဟတ်ယာဉ်နဲ့ စစ်လက်နက်တွေ လေ့ကျင့်ရေးကွင်းဆီစတင်သယ်ယူ

​ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် Cobra Gold 2026 စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့အတွက် ဖေဖော်ဝါရီလ၂၀ ရက်က ဆာတာဟစ်ရေတပ်စခန်းကို ရောက်ရှိလာတဲ့ အမေရိကန်တပ်မတော်ရဲ့ စစ်လက်နက်ပစ္စည်းတွေကို လေ့ကျင့်ရေးနယ်မြေတွေဆီ စတင်သယ်ယူနေပြီ ဖြစ်ပါတယ်။ အဲဒီ စစ်လက်နက်တွေထဲမှာ နာမည်ကျော် AH-64E Apache တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ M777 အမြောက်ကြီးတွေအပြင် သံချပ်ကာလူနာတင်ယာဉ်နဲ့ ဘီးတပ်သံချပ်ကာယာဉ် အမျိုးမျိုး ပါဝင်နေတာပါ။ အဲဒီအပြင် တခြားစစ်ဘက်သုံး ထောက်ပံ့ရေးယာဉ်တွေနဲ့ဆက်သွယ်ရေးကိရိယာ အမြောက်အမြားကိုလည်း လေ့ကျင့်ရေးကွင်းတွေဆီကို ဆက်လက်ပို့ဆောင်နေတယ်လို့ သိရပါတယ်။ ​ဒီနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ ထိုင်းနဲ့ အမေရိကန်အပြင် တခြားမဟာမိတ်နိုင်ငံတွေလည်း ပါဝင်မယ့် နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုကြီး ဖြစ်ပါတယ်။ ဒီလေ့ကျင့်မှုမှာ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေတင်မကဘဲ လူသားချင်းစာနာထောက်ထားမှုနဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လေ့ကျင့်ခန်းတွေကိုပါ ထည့်သွင်းပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ 

Read more

​တောမီးကြောင့်ကမ္ဘောဒီးယားနယ်စပ်က ရွာသားတွေ အရေးပေါ်တိမ်းရှောင်နေရ

​ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ တောမီးလောင်ကျွမ်းမှု ပြင်းထန်နေတာကြောင့် ကမ္ဘောဒီးယားဒေသခံတွေဟာ မိူင်ပရာဝီဟီးယား (Preah Vihear) မြို့နယ်ထဲက ဘုန်းကြီးကျောင်းတကျောင်းမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစပြီးယာယီလာရောက်ခိုလှုံနေကြရပါတယ်။ အဲဒီ ​ပလင်သမ် (Pleng Thom) နဲ့ ချအမ်း (Cha-em) လူနေရပ်ကွက်တွေမှာ တောမီးက အရှိန်အဟုန်နဲ့ ကူးစက်နေတာကြောင့် ဒေသခံတပ်ဖွဲ့တွေက အရေးပေါ် ဖယ်ရှားခိုင်းခဲ့တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဒီရပ်ကွက်တွေမှာ တောမီးလောင်ကျွမ်းခဲ့တာကြောင့် အခုတကြိမ်မှာတော့ ဘေးကင်းလုံခြုံဖို့အတွက် ဝတ်ဖိုးငန်ဘုန်းကြီးကျောင်းဆီကို ရွာသားတွေရောက်ရှိလာနေကြတာ ဖြစ်ပါတယ်။ ဒီအိုးအိမ်စွန့်ခွာမှုဟာ အရှိန်အဟုန်နဲ့ကူးစက်နေတဲ့ တောမီးအန္တရာယ်ကြောင့်သာဖြစ်ပြီး တခြားနယ်စပ်ပြဿနာတွေကြောင့် မဟုတ်ဘူးလို့ သိရပါတယ်။ အဲဒီ ရွာသားတွေဟာ အထုပ်အပိုးကိုယ်စီနဲ့ ဘုန်းကြီးကျောင်းဝင်းထဲမှာ ခိုလှုံနေကြရပြီး မီးငြှိမ်းသတ်နိုင်မယ့် အခြေအနေကို စောင့်ကြည့်နေကြပါတယ်။ ​အခုလောင်ကျွမ်းနေတဲ့ တောမီးဟာ နယ်စပ်တလျှောက်ကို ကူးစက်နေတာကြောင့် ဒေသခံတွေရော နယ်စပ်စောင့်တပ်ဖွဲ့ဝင်တွေပါ စိုးရိမ်ပူပန်နေကြရပြီး မီးငြှိမ်းသတ်နိုင်ဖို့ ဆက်လက်ကြိုးစားနေကြဆဲ ဖြစ်တယ်လို့သိရပါတယ်။

Read more

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာဝါးနဲ့ ဓနိ ဝယ်လိုအား ကျဆင်းနေ

အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေမှာလူနေထိုင်မှု နည်းပါးနေသေးတာကြောင့် အခြေခံအိမ်ဆောက်ပစ္စည်းတွေဖြစ်တဲ့ ဝါးနဲ့ဓနိဝယ်လိုအားတွေ သိသိသာသာ ကျဆင်းနေပါတယ်။ ​အရင်ကဆိုရင် တခြားဒေသတွေကနေ ဝါးတွေအမြောက်အမြား ဝင်ရောက်ခဲ့ပေမယ့် အခုတော့ နီးစပ်ရာဒေသထွက်ဝါးတချို့ပဲ ဝင်နေပြီးဝယ်မယ့်သူမရှိသလောက် အရောင်းအဝယ်နည်းပါးနေတာပါ။ ​အဲဒီအပြင် သွားလာရေး အခက်အခဲတွေရှိနေသလို ဒေသခံတွေကလည်းအိမ်အသစ်ဆောက်ဖို့ထက် တခြားအရေးကြီးတဲ့ စားဝတ်နေရေးကိုပဲ ဦးစားပေးနေကြရလို့ အိမ်ဆောက်ပစ္စည်းဈေးကွက် ငြိမ်နေတာ ဖြစ်ပါတယ်။ ​ကုန်သည်တွေဘက်မှာလည်း ဝယ်လိုအားမရှိတာကြောင့် ပစ္စည်းတွေသိုလှောင်ထားရတာကြာလာရင် ပျက်စီးဆုံးရှုံးမှာကို စိုးရိမ်နေကြပါတယ်။ ဒါကြောင့် နယ်မြေအတွင်းလူပြန်လည်အခြေချမှုတွေများလာမှပဲ ဒီဈေးကွက်က ပြန်ကောင်းလာနိုင်မယ်လို့လည်း ကုန်သည်တွေကခန့်မှန်းနေကြပါတယ်။

Read more

သံတွဲနဲ့တောင်ကုတ်မှာကျင်းပတဲ့ ချင်းအမျိုးသားနေ့ကို ULA/AA တက်ရောက်ဂုဏ်ပြု

​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲနဲ့တောင်ကုတ်ခရိုင်မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကကျင်းပတဲ့ ၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ အဲဒီပွဲအတွင်းမှာ ချင်းရိုးရာအကတွေအပြင်ရက္ခိုင်ရိုးရာအကတွေနဲ့ပါစည်ကားသိုက်မြိုက်စွာ ဖျော်ဖြေခဲ့ကြတာပါ။ ​ULA/AA ဘက်က တာဝန်ရှိသူတွေက ချင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ အမျိုးသားအခွင့်အရေးတွေကို အသိအမှတ်ပြုကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့သလို အခမ်းအနားအတွက် ငွေကြေးထောက်ပံ့မှုတွေပါ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအပြင် အနာဂတ်အာရက္ခတိုင်းပြည် တည်ဆောက်ရေးအတွက် ညီနောင်လူမျိုးစုတွေအကြား ပိုမိုလက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ အဲဒီ ​ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဘောလုံးပွဲ၊ လွန်ဆွဲပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကိုပါ ထည့်သွင်းကျင်းပခဲ့ပြီး ချင်းရိုးရာခေါင်ရည်၊အစားအစာတွေနဲ့လည်း ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ ချင်းအမျိုးသားနေ့ကို သံတွဲ၊ တောင်ကုတ်တင်မကဘဲ အာရက္ခတပြည်လုံးမှာရှိတဲ့ မြို့နယ်အသီးသီးမှာ အကြီးကျယ် ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

Read more

ခလယ်လွီထူမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ စာသင်ကျောင်းနဲ့နေအိမ်တွေပျက်စီး

Border News Agency ခလယ်လွီထူ၊​ ဖေဖော်ဝါရီ ၂၁။ ​ခလယ်လွီထူခရိုင်ထဲက ကျေးရွာတွေကို စစ်ကော်မရှင်တပ် ဒရုန်းတွေ၊ ပါရာမော်တာတွေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်လို့ စာသင်ကျောင်းတကျောင်းနဲ့ နေအိမ်ခုနှစ်လုံးပျက်စီးပြီးအရပ်သားတဦး ဒဏ်ရာရသွားခဲ့ပါတယ်။ လယ်ဒိုနဲ့ ဆောထိမြို့နယ်ထဲက ကျောင်းကုန်း၊ ရေတွင်းကုန်းနဲ့ ချုံအင်းကျေးရွာတွေကို ဖေဖော်ဝါရီလ ၁၈ ရက်ကနေ ၂၀ ရက်အထိ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၂၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။  အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၅ အရွယ် စောမောင်ဖိုးအေး ဒဏ်ရာရခဲ့သလို နေအိမ်တွေနဲ့အတူ ဆိုင်ကယ်ပြင်ဆိုင်တဆိုင်လည်း ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ခလယ်လွီထူခရိုင်ထဲကို လက်နက်ကြီးတွေနဲ့ပစ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကို အဆက်မပြတ်လုပ်နေတာကြောင့် ဒေသခံတွေဟာ အသက်ဘေးကိုစိုးရိမ်ထိတ်လန့်ပြီး နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

Read more

နယ်စပ်တောမီးအတွင်း ကမ္ဘောဒီးယားစစ်သားတဦးသေဆုံးမှုအပေါ် အပြန်အလှန်စွပ်စွဲမှုရှိနေ

Border News Agency  ​မဲဆောက်၊ ဖေဖော်ဝါရီ ၂၁ ။ ​ထိုင်း - ကမ္ဘောဒီးယားနယ်စပ်၊ တာကျည်ဆာ့ (Prasat Ta Muen Thom) ရဲတိုက်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တောမီးလောင်ကျွမ်းမှုအတွင်း ကမ္ဘောဒီးယားစစ်သားတဦး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး နှစ်ဖက်စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။ အဲဒီ သေဆုံးသူဟာ ကမ္ဘောဒီးယားစစ်သား "ရီယမ် ခိန်" ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တောမီးအတွင်းပိတ်မိကာ သေဆုံးခဲ့တာလို့ စစ်ဘက်သတင်းတွေအရ သိရပါတယ်။ အဲ​ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိုင်းဘက်ကတော့ စစ်သားဟာရှေ့တန်းတပ်ဖွဲ့တွေကို နှောင့်ယှက်ဖို့မီးရှို့ရာကနေ လေပြန်တိုက်လို့ မီးဝိုင်းမိတာလို့ ဆိုပါတယ်။ ကမ္ဘောဒီးယားဘက်က လုပ်ဖော်ကိုင်ဖက်တွေကတော့ ထိုင်းဘက်ကမီးစတင်ရှို့ခဲ့တာဖြစ်ပြီး တောမီးငြှိမ်းသတ်ရင်း သေဆုံးခဲ့ရတာလို့ တန်ပြန်စွပ်စွဲထားပါတယ်။ အခုလို အမြင်မတူညီမှုတွေရှိနေပေမယ့် လက်ရှိမှာတော့ကျန်ရစ်သူမိသားစုအတွက် ကမ္ဘောဒီးယားစစ်သားတွေက အလှူငွေတွေဝိုင်းဝန်းကောက်ခံပေးနေ ကြပါတယ်။ အဲဒီ​နယ်စပ်တင်းမာမှုနဲ့ စွပ်စွဲချက်တွေရှိနေပေမယ့် သေဆုံးသူရဲ့ မိသားစုဝင်တွေအတွက် စာနာနားလည်တဲ့အနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက လူမှုကွန်ရက်ကတဆင့် ရန်ပုံငွေတွေစုဆောင်းပေးနေတာပါ။ အလှူငွေထည့်ဝင်လိုသူတွေအနေနဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူရဲ့ QR Code ကတဆင့်ဖြစ်စေ ဖုန်းနံပါတ် ၀၈၈ -၂၄၇၉၆၈၇ သို့ တိုက်ရိုက်ဆက်သွယ်ပြီးဖြစ်စေ လှူဒါန်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ​နယ်စပ်ဒေသမှာ အခုလိုစိတ်မကောင်းစရာ ဖြစ်ရပ်တွေထပ်မံမဖြစ်ပွားစေဖို့နဲ့ နှစ်နိုင်ငံကြားအပြန်အလှန် နားလည်မှုတွေ တိုးတက်လာဖို့ကိုလည်း ပြည်သူတွေက မျှော်လင့်နေကြပါတယ်။ အဲဒီ တောမီးလောင်ကျွမ်းမှုနဲ့ သေဆုံးရတဲ့ဖြစ်စဉ်အပေါ် နှစ်ဖက်တာဝန်ရှိသူတွေအကြား စုံစမ်းစစ်ဆေးမှုတွေ ရှိလာနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Read more

​မြစ်ကြီးနားလေဆိပ်မှာ MNA လေယာဉ်တစီး ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ လေဆိပ်ကိုယာယီပိတ်ထား

Border News Agency မြစ်ကြီးနား၊​ ဖေဖော်ဝါရီ ၂၁။ ​ကချင်ပြည်၊ မြစ်ကြီးနားလေဆိပ်ဟာ ဖေဖော်ဝါရီလ၂၀ ရက်၊ ည ၈ နာရီကျော်ခန့်မှာ FPV Suicide Drone တွေနဲ့ တိုက်ခိုက်ခံရတာကြောင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က ခရီးသည်တင်လေယာဉ်တစီး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ​အဲဒီ တိုက်ခိုက်ခံရမှုဟာ မြစ်ကြီးနားကနေ မန္တလေးကိုထွက်ခွာဖို့ ခရီးသည်တွေတင်ဆောင်ကာ ပြင်ဆင်နေတဲ့ MNA ပိုင် ATR - 72 - 600 အမျိုးအစားလေယာဉ်ကို ဦးတည်ခဲ့တာပါ။ ဒရုန်းတွေ ပေါက်ကွဲမှုကြောင့် လေယာဉ်ရဲ့ခေါင်းပိုင်း၊ ကိုယ်ထည်နဲ့ နောက်မြီးပိုင်းတို့ ထိမှန်ပျက်စီးခဲ့ပေမယ့် ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ဘူးလို့သိရပါတယ်။ အဲ​ဒီတိုက်ခိုက်မှုကို KIA နဲ့ PDF အဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ထားပေမယ့် တော်လှန်ရေးအဖွဲ့တွေဘက်ကတော့ တစုံတရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ​အဲဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ မြစ်ကြီးနားလေဆိပ်ကို ယာယီပိတ်ထားပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက လေဆိပ်အတွင်းနဲ့ ပတ်ဝန်းကျင်ကို စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Read more

ခွေးဝမ်းကျရောဂါပိုးကြောင့် ​ချင်းမိုင်ကျား ၇၂ ကောင်သေဆုံး

Border News Agency ​မဲဆောက်၊ ဖေဖော်ဝါရီ ၂၁ ။ ​ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်က ကျားဂေဟာ (Tiger Kingdom) မှာ ကျား ၇၂ ကောင် အုပ်စုလိုက်သေဆုံးခဲ့ရတဲ့ အကြောင်းရင်းဟာ ခွေးတွေမှာဖြစ်ပွားလေ့ရှိတဲ့ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုး ပူးတွဲကူးစက်ခံရတာကြောင့်ဖြစ်တယ်လို့ ထိုင်းတိရစ္ဆာန်ဆေးကုဦးစီးဌာနက ဖေဖော်ဝါရီလ၂၀ ရက်၊ ဒီနေ့မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ အဲဒါဟာ တချို့ကစိုးရိမ်နေကြသလို ကြက်ငှက်တုပ်ကွေးကြောင့်မဟုတ်ဘဲ ပြင်းထန်တဲ့အဆုတ်ရောင်ရောဂါကြောင့် သေဆုံးရတာဖြစ်တယ်လို့ ဆိုပါတယ်။ ​ဓာတ်ခွဲခန်းစစ်ဆေးချက်တွေအရ ကျားတွေမှာ Canine Distemper Virus (CDV) လို့ခေါ်တဲ့ ခွေးဝမ်းကျရောဂါပိုးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဘက်တီးရီးယားပိုး (Mycoplasma spp.) တို့ ကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာပါ။ အဲဒီရောဂါပိုးဟာ တိရစ္ဆာန်အချင်းချင်းသာကူးစက်တတ်ပြီး တိရစ္ဆာန်ကနေလူကိုကူးစက်တဲ့ ရောဂါမျိုးမဟုတ်တာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်စရာမရှိဘူးလို့ ရောဂါထိန်းချုပ်ရေးဦးစီးဌာနက ထပ်မံအတည်ပြုပြောကြားခဲ့ပါတယ်။ အဲဒီ​ရောဂါပိုး လူကိုမကူးစက်နိုင်ဘူးဆိုပေမယ့်လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ သေဆုံးသွားတဲ့ကျားတွေနဲ့ နီးကပ်စွာထိတွေ့ခဲ့သူ ဝန်ထမ်းနဲ့တိရစ္ဆာန်ဆရာဝန် ၁၀၈ ဦးကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ထားပါတယ်။ သူတို့ကို ရောဂါပျိုးရက်ဖြစ်တဲ့ ၂၁ ရက်အထိ ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး လောလောဆယ်မှာတော့ မဲရင်းမြို့နယ်က အဲဒီကျားဂေဟာကို ၁၄ ရက်ကြာ ယာယီပိတ်ထားကာ ပိုးသတ်သန့်စင်မှုတွေ လုပ်ဆောင်နေပါတယ်။ ​လက်ရှိမှာ ကျန်ရှိနေတဲ့ကျားတွေကို မဲတန်းမြို့နယ်က စောင့်ရှောက်ရေးစင်တာကိုပြောင်းရွှေ့ထားပြီး အခြေအနေကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒါပေမဲ့လည်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကတော့ ပြည်သူတွေအနေနဲ့ အစားအသောက်တွေကို ကျက်အောင်ချက်စားဖို့၊ လက်ကိုမကြာခဏဆေးဖို့နဲ့ တိရစ္ဆာန်တွေကိုကိုယ်တိုင်ထိတွေ့တာ ဒါမှမဟုတ် အစာကျွေးတာမျိုးတွေ မလုပ်ကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ​တကယ်လို့ ထူးခြားတဲ့ကျန်းမာရေးလက္ခဏာတွေ သံသယရှိလာရင် အရေးပေါ်ဖုန်းလိုင်း ၁၄၂၂ ကို ၂၄ နာရီပတ်လုံး ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်း အသိပေးထားပါတယ်။ ဒီဖြစ်စဉ်ဟာ ချင်းမိုင်ဒေသက တိရစ္ဆာန်ထိန်းသိမ်းရေးလောကအတွက် တော်တော်လေးစိတ်မကောင်းစရာဖြစ်ရပ်တခု ဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ ရောဂါအရင်းအမြစ်ကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Read more
Page 44 of 275 1 43 44 45 275

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here