Border News Agency ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၃။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ် ၇ ဦးအနိုင်ရရှိပြီး လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရတယ်လို့ တရားမဝင်မဲရလဒ်တွေအရ သိရပါတယ်။ အမတ်နေရာအများစုကို အပြတ်အသတ်အနိုင်ရပြီး အစိုးရဖွဲ့နိုင်ဖို့ သေချာနေတဲ့ Bangladesh Nationalist Party (BNP) က အမျိုးသမီးကိုယ်စားလှယ် ၆ ဦးဟာ ပါတီရဲ့ စပါးနှံတံဆိပ်နဲ့ သက်ဆိုင်ရာမဲဆန္ဒနယ်တွေမှာ အသီးသီး အနိုင်ရခဲ့ကြတာပါ။ အနိုင်ရရှိခဲ့တဲ့ BNP အမျိုးသမီးကိုယ်စားလှယ်တွေကတော့ Manikganj - 3 မဲဆန္ဒနယ်က Afroza Khan Rita၊ Jhalokati - 2 က Israt Sultana Elen Bhutto၊ Sylhet - 2 က Tahsina Rushdir Luna၊ Faridpur - 2 က Shama Obaid၊ Faridpur - 3 က Nayab Yusuf Kamal နဲ့ Natore - 1 က Farzana Sharmin Putul တို့ပဲ ဖြစ်ပါတယ်။ အဲဒီအပြင် BNP ပါတီကနေ အရင်ကထုတ်ပယ်ခံထားရတဲ့ Barrister Rumin Farhana ဟာလည်း Brahmanbaria - 2 မဲဆန္ဒနယ်ကနေ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိသွားခဲ့တာကြောင့် စုစုပေါင်းအမျိုးသမီး ၇ ဦး လွှတ်တော်တက်ခွင့် ရရှိမှာဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ရလဒ်တွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲရေတွက်မှုတွေအပြီး ထွက်ပေါ်လာတဲ့ အကြိုရလဒ်တွေ ဖြစ်ပါတယ်။
Read moreBorder News Agency ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၃။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲမှာ တန်ဂေးလ် (Tangail) ခရိုင်က အမတ်နေရာ ၈ ခုစလုံးကို Bangladesh Nationalist Party (BNP) ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တဦးက အနိုင်ရရှိသွားပါတယ်။ အဲဒီရလဒ်တွေကို ဖေဖော်ဝါရီလ ၁၃ ရက်၊ ဒီနေ့မနက် ၂ နာရီ ၄၅ မိနစ်အချိန်မှာ ခရိုင်ရွေးကောက်ပွဲအရာရှိ ရှာရီဖာဟတ်ခ်က တရားဝင်ထုတ်ပြန်လိုက်တာပါ။ တန်ဂေးလ်ခရိုင်အတွင်းက မဲဆန္ဒနယ် ၈ ခုစလုံးမှာ BNP ပါတီက ကိုယ်စားလှယ် ၇ ဦး အနိုင်ရခဲ့ပြီး ကျန်တဲ့တနေရာမှာတော့ BNP ကပဲ တစ်သီးပုဂ္ဂလအဖြစ် ခွဲထွက်ယှဉ်ပြိုင်တဲ့ကိုယ်စားလှယ်က အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဲဒီ တန်ဂေးလ် - ၁ မှာ Fakir Mahbub Anam၊ တန်ဂေးလ် -၂ မှာ Abdus Salam Pintu၊ တန်ဂေးလ် - ၃ မှာ တစ်သီးပုဂ္ဂလ လွတ်ဖာရာမန်ခန်းအာဇတ် (Lutfar Rahman Khan Azad)၊ တန်ဂေးလ် - ၄ မှာ Lutfar Rahman Matin တို့က နယ်မြေအလိုက်အနိုင်ရသူတွေ ဖြစ်ပါတယ်။ အဲဒီအပြင် တန်ဂေးလ် - ၅ (Sadar) မှာ BNP ဗဟိုပြန်ကြားရေးအတွင်းရေးမှူး Sultan Salahuddin၊ တန်ဂေးလ် - ၆ မှာ Rabiul Awal Lavlu၊ တန်ဂေးလ် - ၇ မှာ Abdul Kalam Azad နဲ့ တန်ဂေးလ် - ၈ မှာ Ahmed Azam Khan တို့က မဲအပြတ်အသတ်နဲ့အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်၊ မနက် ၇ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ ပြုလုပ်ခဲ့တာဖြစ်ပြီး လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ BGB တပ်ဖွဲ့ဝင် ၁၉,၀၀၀ ကျော်ကို အသုံးပြုခဲ့ပါတယ်။ တန်ဂေးလ်ခရိုင်တခုလုံးမှာ မဲဆန္ဒနယ် ၈ ခုအတွက် ကိုယ်စားလှယ် ၄၇ ဦး ယှဉ်ပြိုင်ခဲ့ကြပြီး မဲပေးသူ ၆၀ ရာခိုင်နှုန်းဝန်းကျင် ရှိခဲ့တယ်လို့လည်း သိရပါတယ်။
Read moreထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊မယ်ဆိုင်မြို့မှာ ၁၀၂ ကြိမ်မြောက် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်စပ်ကော်မတီ (TBC) အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ နှစ်နိုင်ငံ TBC ဥက္ကဋ္ဌတွေနဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် ၁ တံတားပေါ်မှာ အပြန်အလှန်တွေ့ဆုံနှုတ်ဆက်ခဲ့ကြပါတယ်။ အဲဒီနောက် မယ်ဆိုင်မြို့ရှိ မဲခေါင်ဒေသဟိုတယ်မှာ တနာရီခွဲကြာ ဆွေးနွေးခဲ့ကြပြီး နယ်စပ်တစ်လျှောက်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား တိုင်ပင်ခဲ့ကြပါတယ်။ အထူးသဖြင့် နယ်စပ်မှုခင်းနှိမ်နင်းရေး၊ ရေဘေးစီမံခန့်ခွဲမှုနဲ့ မယ်ဆိုင်မြစ်အတွင်း ဓာတုညစ်ညမ်းမှု တားဆီးရေးတွေကိုအလေးပေးဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီအစည်းအဝေးဟာ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ပြီး နယ်စပ်နေပြည်သူတွေအတွက် ဘေးကင်းလုံခြုံတဲ့ လူနေမှုပတ်ဝန်းကျင် ဖန်တီးပေးဖို့ ရည်ရွယ်တာလို့လည်းဆိုပါတယ်။
Read moreအာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်မှာ ယာဉ်တိုက်မှုတွေ လျော့နည်းစေဖို့အတွက် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ယာဉ်အန္တရာယ်သတိပေး လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေနေပါတယ်။ ဒီလုပ်ငန်းစဉ်ကို DLEPS တပ်ဖွဲ့ဝင်တွေနဲ့ ULA/AA အဖွဲ့ဝင်တွေ ပူးပေါင်းပြီး မြို့ပေါ်က လမ်းဆုံလမ်းခွတွေ၊ဈေးတွေနဲ့ ကားဂိတ်၊ ဆိပ်ကမ်းတွေမှာ အသိပညာပေး ဗီနိုင်းတွေစိုက်ထူတာ၊ စာစောင်ဝေတာတွေ လုပ်ဆောင်နေတာပါ။ အဓိကကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်ထားတဲ့ ယာဉ်စည်းကမ်း ၁၀ချက်နဲ့ လမ်းအသုံးပြုသူတွေ လိုက်နာရမယ့် စည်းကမ်း ၁၉ ချက်ကို ပြည်သူတွေ သိရှိလိုက်နာဖို့အတွက် ကြပ်မတ်စစ်ဆေးနေတာ ဖြစ်ပါတယ်။ အာရက္ခတပ်တော်ကထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အာရက္ခပြည်သူတွေဘေးကင်းလုံခြုံစေဖို့အတွက် လမ်းမတွေပေါ်မှာ ယာဉ်ကြောရှင်းလင်းတာနဲ့ အသိပညာပေးတာတွေကို အခုလို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
Read moreတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လမ်းကြောင်းအတိုင်း မလာဘူးဆိုရင် နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကို ထိခိုက်စေလိမ့်မယ်လို့ စစ်ခေါင်းဆောင်ကဆိုပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်၊မနေ့ကကျရောက်တဲ့ ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ပြီး သတိပေးလိုက်တာပါ။ စစ်ခေါင်းဆောင်က နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းတာဟာ တိုင်းပြည်အတွက် နစ်နာမှုတွေပဲ ရှိမှာဖြစ်လို့ NCA ပါအချက်အလက်တွေနဲ့အညီ နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးကြဖို့ တိုက်တွန်းထားတာပါ။ ဒါပေမယ့် မြေပြင်မှာတော့ စစ်ကော်မရှင်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေဟာ တကျော့ပြန် ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့တိုင်းရင်းသားအဖွဲ့အစည်းအချို့ကတော့ စစ်ကော်မရှင်တပ်ရဲ့ NCA စကားဟာ ဟန်ပြသက်သက်သာဖြစ်ပြီး လက်တွေ့မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးသုံး ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေ နေ့စဉ်နဲ့အမျှ ထွက်ပြေးတိမ်းရှောင်နေရတာကို ထောက်ပြဝေဖန်နေကြပါတယ်။ အထူးသဖြင့် နယ်စပ်ဒေသတွေမှာ ကုန်သွယ်မှုလမ်းကြောင်းတွေ ပိတ်ဆို့နေပြီးလမ်းတံတားတွေ ပျက်စီးနေတာဟာ အကြမ်းဖက်မှုတွေကြောင့်လို့ စစ်ခေါင်းဆောင်က ဆိုပေမယ့် ပြည်သူတွေကတော့ ဒါဟာ စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးဗျူဟာတွေကြောင့်ဖြစ်ပြီး လူမှုစီးပွားဘဝတွေ လုံးဝပျက်စီးနေရပြီလို့ တုံ့ပြန်နေကြတာပါ။ နိုင်ငံတကာကလည်း စစ်ကော်မရှင်တပ်က ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေးဟာ အားလုံးပါဝင်နိုင်တဲ့ ပုံစံမျိုးမဟုတ်ဘဲ သူတို့အာဏာတည်မြဲရေးအတွက်သာ ရည်ရွယ်နေတာကြောင့် NCA ဟာ လက်ရှိပဋိပက္ခကို ဖြေရှင်းနိုင်မယ့် အဓိကသော့ချက် မဟုတ်တော့ဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ အဲဒီအပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများစုကလည်း စစ်ကော်မရှင်တပ် အာဏာသိမ်းပြီးကတည်းက NCA ရဲ့ အနှစ်သာရတွေ ပျက်စီးသွားပြီလို့ ယူဆထားကြပါတယ်။ အဲဒါကြောင့် စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီအတွက်ဆိုရင် စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းဖို့ကသာ ပထမဦးစားပေးဖြစ်တယ်လို့ ပြည်သူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေကဆိုကြပါတယ်။
Read moreBorder News Agency ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၂။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရာဂါမာတီ(Rangamati) ခရိုင်၊ ဂါဂရာ (Ghagra) ယူနီယံရှိ ကတ်ရှ်ခါလီအစိုးရမူလတန်းကျောင်း မဲရုံသို့ မဲပေးဖို့သွားတဲ့လမ်းမှာ ဒေသခံလူမျိုးစုဝင်အချို့ကို BNP ပါတီဝင်တွေကဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်ခံရသူတွေမှာ ကတ်ရှ်ခါလီနဲ့ဒိုလူပါရာ (Dolupara) ကျေးရွာများမှ မရာမာလူမျိုးနဲ့ ချက္ကမလူမျိုးတွေဖြစ်ကြတယ်လို့ သိရပါတယ်။ သူတို့ကို BNP ပါတီဝင်တွေနဲ့ထောက်ခံသူတွေက လမ်းမှာတားဆီးကာ အုပ်စုဖွဲ့ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီမရာမာနဲ့ ချက္ကမလူမျိုးတွေဖြစ်တဲ့ သွေခရိုမာရ်မာ၊ ရွေရှီးမားမာရ်မာ၊ ချန်ဒရာဒန်ချက္ကမ၊ ပရာတီမွိုင်ချက္ကမနဲ့ မီကာချက္ကမ တို့ဒဏ်ရာရသွားခဲ့ကြတာဖြစ်ပါတယ်။ ပါမောက္ခ မိုဟာမက်ယူနွတ်စ်ရဲ့ အိမ်စောင့်အစိုးရလက်ထက်မှာ ကျင်းပတဲ့ရွေးကောက်ပွဲဖြစ်ပေမယ့် စစ်တကောင်းတောင်တန်းဒေသရှိ လူမျိုးစုဝင်တွေအတွက် ဘေးကင်းလုံခြုံစွာမဲပေးနိုင်ဖို့စိန်ခေါ်မှုများစွာ ရှိနေတာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ မဲပေးပိုင်ခွင့်ကိုဟန့်တားတာဖြစ်သလို တောင်တန်းဒေသရှိ လူမျိုးစုတွေအပေါ် ဖိနှိပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့လည်းဝေဖန်ပြောဆိုနေကြပါတယ်။ ရွေးကောက်ပွဲကျင်းပနေစဉ်အတွင်း ခုလိုမျိုးတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာကြောင့် အဲဒီမဲရုံနဲ့အနီးတစ်ဝိုက်မှာ စိုးရိမ်ထိတ်လန့်မှုတွေမြင့်တက်နေကြပါတယ်။
Read moreBorder News Agency မကွေး၊ ဖေဖော်ဝါရီ ၁၂။ ဒီနေ့ကျရောက်တဲ့ ၇၉ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကသဝဏ်လွှာတစောင် ပေးပို့လိုက်ပါတယ်။ အဲဒီထဲမှာ အာဏာရှင်စနစ်ကိုအမြစ်ပြတ်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တည်ဆောက်ရေးအတွက် "ပင်လုံစိတ်ဓာတ်" နဲ့ အရှိန်အဟုန်မြှင့် တော်လှန်ကြဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဒီမိုကရေစီရေးကိုအခြေခံတဲ့ ပင်လုံစိတ်ဓာတ်နဲ့ လွတ်လပ်ရေးကို စည်းစည်းလုံးလုံး အရယူခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီးကတည်းက အစိုးရအဆက်ဆက်နဲ့အထူးသဖြင့် စစ်အာဏာရှင်တွေဟာ ပင်လုံကတိကဝတ်တွေနဲ့ ပင်လုံစိတ်ဓာတ်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီလို ပျက်ကွက်ခဲ့တာတွေကြောင့်ပဲ ပြည်တွင်းစစ်မီးတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်ပွားပြီး တိုင်းပြည်ဟာဒီနေ့အထိ ဘက်ပေါင်းစုံက ဆုတ်ယုတ်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအချိန်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့ဖိနှိပ်မှုတွေကို တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးက တစည်းတလုံးတည်း တော်လှန်နေကြတဲ့အချိန်ဖြစ်တယ်လို့ NUG က ဆိုပါတယ်။ နွေဦးတော်လှန်ရေးမှာပါဝင်နေကြတဲ့ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပြည်သူတရပ်လုံးဟာ ဖက်ဒရယ်ဒီမိုကရေစီ ရည်မှန်းချက်တွေအတွက် သမိုင်းပေးတာဝန်ကို ထမ်းဆောင်နေကြတာလို့လည်း ဆိုပါတယ်။ NUG အနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူယုံကြည်မှု၊ လေးစားမှုတွေနဲ့လက်တွဲဆောင်ရွက်နေပြီး စစ်အာဏာရှင်စနစ်တင်မကဘဲ အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းရေးကို အလေးအနက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အဲဒီအပြင် လူမျိုးကြီးဝါဒနဲ့ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒတွေကိုပါ တိုက်ဖျက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီးကို တည်ဆောက်နိုင်ဖို့အတွက် စစ်ရေးရော နိုင်ငံရေးအရပါ ဟန်ချက်ညီညီနဲ့ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
Read moreBorder News Agency ဒါကာ၊ ဖေဖော်ဝါရီ ၁၂။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိကအကြံပေးပုဂ္ဂိုလ် (ယာယီအစိုးရအကြီးအကဲ) ပရော်ဖက်ဆာမိုဟာမက်ယူနွတ်စ်ဟာ ဒီနေ့မနက်ပိုင်းက ဒါကာမြို့ရှိ Gulshan Model School & College မဲရုံမှာ ကိုယ်တိုင်မဲပေးခဲ့ပါတယ်။ မဲပေးပြီးနောက်မှာတော့ ပရော်ဖက်ဆာယူနွတ်စ်ဟာ ဒါကာမြို့အတွင်းရှိ Badda High School နဲ့ မီရ်ပူရ် (Mirpur) ရှိ SOS Hermann Gmeiner College မဲရုံတွေကို ဆက်လက်သွားရောက်ပြီး ရွေးကောက်ပွဲရဲ့ အခြေအနေအရပ်ရပ်ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ အဲဒီလို ကြည့်ရှုစစ်ဆေးစဉ်အတွင်းမှာ ပရော်ဖက်ဆာယူနွတ်စ်ဟာ မဲလာပေးကြတဲ့ပြည်သူတွေ၊ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေနဲရင်းရင်းနှီးနှီး တွေ့ဆုံစကားပြောခဲ့ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
Read moreBorder News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂။ ဒီနေ့ကျရောက်တဲ့ ၇၉ နှစ်မြောက်ပြည်ထောင်စုနေ့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကိုအာဏာလွှဲပေးမယ်လို့ သဝဏ်လွှာပေးပို့ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ဒီပြောကြားချက်ဟာ လက်တွေ့မြေပြင်မှာတော့ ပြည်သူလူထုရဲ့ ပြင်းပြင်းထန်ထန်ငြင်းပယ်မှုကို ရင်ဆိုင်နေရတာပါ။ မြေပြင်ကပြည်သူတွေကတော့ စစ်ကော်မရှင်တပ်ရဲ့ ရွေးကောက်ပွဲဟာ အာဏာသက်တမ်းတိုးဖို့ကြိုးပမ်းတဲ့ "ဟန်ပြပွဲ" သာဖြစ်တယ်လို့ ရှုမြင်နေကြပြီး လုံးဝလက်မခံဘူးလို့ တုံ့ပြန်နေကြပါတယ်။ နိုင်ငံတစ်ဝှမ်းမှာ စစ်မီးတွေတောက်လောင်နေပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူသန်းနဲ့ချီရှိနေချိန်မှာ ရွေးကောက်ပွဲအကြောင်း ပြောနေတာဟာ လက်တွေ့မကျဘူးလို့လည်း ဝေဖန်နေကြပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်ကကောက်ယူနေတဲ့ သန်းခေါင်စာရင်းနဲ့ မဲစာရင်းပြုစုမှုတွေကိုလည်း ပြည်သူတွေက ပူးပေါင်းပါဝင်တာမရှိဘဲ ဆန့်ကျင်နေကြပါတယ်။ ဒါဟာ ပြည်သူ့ဆန္ဒကိုထင်ဟပ်ဖို့ထက် တော်လှန်ရေးအင်အားစုတွေကို ထောက်လှမ်းဖို့နဲ့ ဖိနှိပ်ဖို့အတွက်သာဖြစ်တယ်လို့ ပြည်တွင်းအဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ အတိုက်အခံတွေ ပါဝင်ခွင့်မရှိတဲ့အတွက် တရားဝင်မှုမရှိဘူးလို့ အခိုင်အမာပြောဆိုထားပါတယ်။ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတွေကစစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးမှုမရှိဘဲ ပြုလုပ်မယ့်ရွေးကောက်ပွဲဟာ ပဋိပက္ခကို ပိုပြီးကြီးထွားစေလိမ့်မယ်လို့ သတိပေးထားပါတယ်။ စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးနဲ့ဖက်ဒရယ်အကြောင်း သဝဏ်လွှာထဲမှာထည့်သွင်းပြောဆိုခဲ့ပေမယ့် ပြည်သူတွေကတော့ နေ့စဉ်နဲ့အမျှ လေကြောင်းရန်နဲ့ လက်နက်ကြီးရန်တွေကို စိုးရိမ်နေရတဲ့အတွက် ဒီကတိစကားတွေအပေါ် ယုံကြည်မှု လုံးဝမရှိတော့တဲ့ အခြေအနေဖြစ်ပါတယ်။ အထူးသဖြင့် ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုနဲ့ အလုပ်အကိုင်ရှားပါးမှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ ပြည်သူတွေအတွက်တော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကတိဟာ သူတို့ရဲ့အခြေခံလူမှုစီးပွားပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်နေကြပါတယ်။
Read moreBorder News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၁၂။ ထိုင်းနိုင်ငံ၊ ချောင်ဘူရီခရိုင်၊ မဲဆန္ဒနယ်အမှတ် ၁ မှာ မဲမသမာမှုသံသယတွေကြောင့် မဲပုံးတွေကိုဝန်းရံစောင့်ကြည့်နေတဲ့ ပြည်သူတွေဟာ ဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီနေ့မနက်ပိုင်းမှာ ဘာသာရေးအခမ်းအနားပြုလုပ်ပြီး ရွေးကောက်ပွဲကော်မရှင် (ECT) ရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။ ချောင်ဘူရီမြို့နယ်ရှိ ကြက်တောင်ရိုက်ကွင်းမှာစုဝေးနေကြတဲ့ ဒေသခံတွေဟာ သံဃာတော်တွေကိုပင့်ဖိတ်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူကာ အမျှပေးဝေမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ ပြည်သူ့ကိုယ်စားလှယ်တဦးကတော့ အခုလိုကုသိုလ်ပြုရတာဟာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သူတို့ရဲ့တာဝန်တွေကို တရားမျှတပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစတင်ကာ မဲတွေကိုပြန်လည်ရေတွက်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပြီး လက်ရှိအချိန်ထိမဲပုံးတွေကိုနေ့ညမပြတ် ဝန်းရံစောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်အတွင်းမှာတော့ သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံပြည်သူတွေကတော့ လူစုခွဲခြင်းမရှိဘဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို စိတ်ရှည်လက်ရှည် ဆက်လက်စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။
Read moreHey! Don't Copy my content.