ကရင်နီပြည်အတွင်းရှိ တော်လှန်ရေးပူပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖားဆောင်းမြို့ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။ ဖားဆောင်းမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကော်မရှင်တပ်ဟာ ရန်နိုင်မင်း စစ်ဆင်ရေးအမည်နဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာယလကတည်းက ဘောလခဲ-ထူးချောင်း-ဖားဆောင်း လမ်းကြောင်းအတိုင်း စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီ စစ်ဆင်ရေးကာလအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲကြီး၊တိုက်ပွဲငယ် ၃၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဖားဆောင်းမြို့ကို မထိန်းချုပ်နိုင်ခင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြို့အဝင်ရှိ နမ့်ကစ်ကျေးရွာနဲ့ ပါပုကျေးရွာတို့ကို စစ်ကော်မရှင်တပ်က ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းပိုက်ခဲ့ရပြီးနောက် မနေ့က မြို့ထဲကို ဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ မြို့ပေါ်တိုက်ပွဲတွေအတွင်း ဘာသာရေးအဆောက်အဦတွေ၊ စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ရသလို၊ လက်ရှိမှာတော့ မြို့အတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ဖားဆောင်းမြို့ကို ပြန်လည်ရရှိပြီဖြစ်လို့ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း လမ်းမကြီးကို မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်တော့မယ်လို့ စစ်ကော်မရှငိတပ်ကဆိုထားပေမယ့် မြေပြင်မှာတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
Read moreပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာရေလုပ်သား ၅ ဦး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီလို့ သိရပါတယ်။ အဲဒီရေလုပ်သား ၅ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပင်လယ်ပြင်မှာ ငါးဖမ်းနေရင်း မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံဘက်ကို ရောက်ရှိသွားခဲ့တာပါ။ အဲဒီနောက် အိန္ဒိယနိုင်ငံ၊ Trichy မြို့က အထူးစခန်း (Special Camp) မှာ ထိန်းသိမ်းခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ကို နေရပ်ပြန်ပို့နိုင်ဖို့အတွက် သက်ဆိုင်ရာ နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၄ ရက်၊မနက်ပိုင်းမှာ ချန်နိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေတဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) နဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုပြန်လည်ရောက်ရှိလာတဲ့ ရေလုပ်သားတွေဟာ Trichy မြို့နဲ့ ချန်နိုင်းမြို့တွေမှာရှိတဲ့ နိုင်ငံခြားသားမှတ်ပုံတင်ရေးရုံးတွေနဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ရရှိခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
Read moreစစ်ကိုင်းတိုင်းမတည်ငြိမ်မှုဟာ ဒေသခံတွေအသိပညာနည်းတာနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ငွေကြေးကောက်ခံမှုကြောင့် ပြည်သူတွေ ဝန်ထုတ်ဝန်ပိုးဖြစ်နေရတာလို့ စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် မြေပြင်မှာတော့ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှု၊လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြရတာ ဖြစ်ပါတယ်။ ဟုမ္မလင်းမြို့ ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်က စစ်ကိုင်းတိုင်းအတွင်းက ပဋိပက္ခတွေကို ပညာရေးအားနည်းမှုနဲ့ ဆက်စပ်ပြောဆိုခဲ့သလို တော်လှန်ရေးအဖွဲ့တွေက ဒေသခံတွေဆီက ငွေကြေးကောက်ခံနေတာကြောင့် ပြည်သူတွေ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။ လက်တွေ့မှာတော့ စစ်ကော်မရှင်တပ်တွေရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေအတွင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူ သောင်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အတော်များများမှာ စစ်ကော်မရှင်ဘက်က လေကြောင်းတိုက်ခိုက်တာတွေအပြင် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အဦတွေ ပျက်စီးနေရသလို အရပ်သားသေဆုံးမှုတွေလည်း တနေ့ထက်တနေ့ များပြားလာနေတာပါ။ စစ်ကိုင်းတိုင်းဟာ စစ်ကော်မရှင်တပ်ကို အပြင်းထန်ဆုံးခုခံနေတဲ့ ဒေသဖြစ်တာကြောင့် စစ်ကော်မရှင်ဘက်က နယ်မြေစိုးမိုးရေးအတွက် မြေပြင်၊ ဝေဟင်အင်အားတွေကို အလွန်အကျွံ သုံးစွဲနေတာဖြစ်ပါတယ်။ အဲဒီလုပ်ရပ်တွေကြောင့် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ အဖတ်ဆယ်မရအောင်ပျက်စီးနေရတာဖြစ်ပါတယ်။
Read moreရန်ကုန်မြို့မှာရှိတဲ့ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာ အေလီယို ဒီ ရိုဆာရီယို ဖာနန်ဒက်စ် (Mr. Elio de Jesus Rosario Fernandes) ကို လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ထက်နောက်မကျဘဲ မြန်မာနိုင်ငံကနေ ထွက်ခွာသွားဖို့ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ၁၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ တီမောလက်စ်တေ အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတာကြောင့် အခုလို သံတမန်ရေးအရ အရေးယူရတာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ တီမောလက်စ်တေ သမ္မတဟာ မြန်မာစစ်တပ်အရာရှိတွေကို တရားစွဲဆိုဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတခုရဲ့ ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ရပ်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ မူဝါဒကို ချိုးဖောက်တာဖြစ်သလို အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာဟာ လက်ခံနိုင်စရာမရှိဘူးလို့ စစ်ကော်မရှင်ဘက်က ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီလ၂၉ ရက်နေ့က လာအိုနိုင်ငံမှာကျင်းပတဲ့ အစည်းအဝေးတုန်းကလည်း စစ်ကော်မရှင်ဘက်က ကန့်ကွက်ခဲ့သလို တီမောလက်စ်တေဘက်က ရှင်းလင်းချက်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် တီမောလက်စ်တေဘက်က တရားဝင်ရှင်းလင်းချက် မပေးတဲ့အပြင် မြန်မာနိုင်ငံက အဖွဲ့အစည်းအချို့နဲ့ ဆက်လက်ထိတွေ့နေတာကြောင့် အခုလို သံတမန်ကို နှင်ထုတ်တဲ့အထိ ဖြစ်လာတာပါ။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံအချင်းချင်း တန်းတူရည်တူရှိရေးနဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ မူဝါဒတွေကို လေးစားလိုက်နာဖို့ တီမောလက်စ်တေဘက်ကို အမြဲတစေ သတိပေးခဲ့တယ်လို့လည်းဆိုပါတယ်။ အတယ်လို့ တီမောလက်စ်တေဘက်က သူတို့ရဲ့ ရပ်တည်ချက်တွေကို မပြောင်းလဲဘူးဆိုရင် နောက်ထပ် ပိုမိုပြင်းထန်တဲ့ အစီအမံတွေကို ထပ်မံလုပ်ဆောင်သွားမယ်လို့လည်း စစ်ကော်က သတိပေးထားပါတယ်။
Read moreBorder News Agency ဂျာမနီ၊ ဖေဖော်ဝါရီ ၁၅။ ဂျာမနီနိုင်ငံ၊ မြူးနစ်လုံခြုံရေးညီလာခံ (MSC) အပြင်ဘက်မှာ အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ၃ ရက်ကြာတဲ့အထိ ဆက်လက်ဖြစ်ပွားနေပြီး ဆန္ဒပြသူ ၂ သိန်းခွဲခန့်ရှိတယ်လို့ ဂျာမန်ရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ထားပါတယ်။ ပြည်နှင်ဒဏ်ခံအီရန်မင်းသားဟောင်း ရေဇာပါဟယ်ဗီက ဒီလှုပ်ရှားမှုကို "ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနေ့" အဖြစ် သတ်မှတ်ခဲ့ပြီး တခြားနိုင်ငံတကာမြို့ကြီးတွေမှာလည်း လူစုလူဝေးတွေပြုလုပ်ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ အဲဒီဆန္ဒပြပွဲတွေအတွင်း အုပ်ချုပ်ရေးယန္တရားအပြောင်းအလဲကို တခဲနက်ကြွေးကြော်နေကြပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း အီရန်မှာအစိုးရအပြောင်းအလဲဖြစ်လာဖို့ အကြံပြုထားတယ်လို့ ဆိုပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အီရန်ပြည်သူ့လှုပ်ရှားမှုတွေအတွင်း အနည်းဆုံး ၇,၀၀၅ ဦးသေဆုံးပြီး ၅၃,၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ HRANA အဖွဲ့က ပြောဆိုထားပေမယ့် အီရန်အစိုးရဘက်ကတော့ သေဆုံးသူ ၃,၁၁၇ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ အီရန်အာဏာပိုင်တွေက အင်တာနက်နဲ့ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားတဲ့အတွက် အချက်အလက်အတိအကျရဖို့ ခက်ခဲနေတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ မင်းသား ပါဟယ်ဗီကတော့ သမ္မတထရမ့်အနေနဲ့ အီရန်ပြည်သူတွေကို ကူညီပေးဖို့နဲ့လက်ရှိအစိုးရကို အပြီးတိုင် အဆုံးသတ်ပေးဖို့ မြူးနစ်သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
Read moreအမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေက ကျင်းပခဲ့တဲ့ လွှတ်တော်ဆိုင်ရာ ကြားနာပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီပါပွဲကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နဲ့ ကုလသမဂ္ဂ (UN) တို့က ပူးပေါင်းကျင်းပတာဖြစ်ပြီး မြန်မာကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါ်မြတ်သီတာထွန်း၊ဒေါ်မြမျိုးအေးနဲ့ဒေါ်ဖြူဖြူလွင်တို့ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီကြားနာပွဲအတွင်း မြန်မာကိုယ်စားလှယ်တွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ စစ်တပ်ရဲ့ အကြမ်းဖက်အာဏာသိမ်းမှုကြောင့် တိုက်ရိုက်ဖြိုဖျက်ခံခဲ့ရတာဖြစ်ကြောင်းနဲ့ လက်ရှိမှာ ပြည်သူ ၁၆ သန်းကျော် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ တင်ပြခဲ့ပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်တပ်က ကျင်းပတဲ့အတုအယောင်ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ကိုယ်စားပြုမှု မရှိတဲ့အတွက် ဒီမိုကရေစီကို နောက်ထပ်စိန်ခေါ်မှုဖြစ်စေတယ်လို့ ထောက်ပြဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတကာအနေနဲ့ အာဏာကိုအတင်းအဓမ္မသိမ်းယူထားသူတွေကို ပြည်သူကရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ တန်းတူဆက်ဆံနေမယ်ဆိုရင် ဒီမိုကရေစီစံနှုန်းတွေ အားနည်းသွားမှာဖြစ်လို့ မူဝါဒပိုင်းတသမတ်တည်းရှိဖို့ အရေးကြီးတယ်လို့လည်း တိုက်တွန်းထားပါတယ်။ အဲဒီကြားနာပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့ပါတယ်။
Read moreမန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်တွေက မြေပြင်စစ်ကြောင်းထိုးဖို့ ခက်ခဲတဲ့ကျေးရွာတွေကို ဒရုန်းတွေအသုံးပြုပြီး မီးလောင်ဗုံး၊အက်ဆစ်ဗုံးတွေနဲ့တိုက်ခိုက်နေတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရှိရပါတယ်။ စစ်ကော်မရှင်ဘက်က မြေပြင်ကနေ ဝင်ရောက်ဖို့ အခက်အခဲရှိတဲ့နေရာတွေကို အခုလို ဒရုန်းနည်းပညာသုံးပြီး အရပ်သားကျေးရွာတွေအထိ ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်လို့ တော်လှန်ရေးရဲဘော်တချို့မှာ အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပေမယ့် ခန္ဓာကိုယ်မှာ အက်ဆစ်လောင်ဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်ရတဲ့အထိ ပြင်းထန်တဲ့ ထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေကတော့ ဒါဟာ မိမိတို့ယုံကြည်ချက်ကြောင့် ရွေးချယ်ခဲ့တဲ့လမ်းဖြစ်လို့ နောက်မဆုတ်ဘဲ ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်ကြောင်းနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအပေါ် သစ္စာစောင့်သိသွားမယ်လို့ ဆိုထားပါတယ်။ လက်ရှိမှာ တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှထောက်ပံ့ကူညီသူတွေဘက်က ပင်ပန်းနွမ်းနယ်မှုတွေ ရှိလာနိုင်ပေမယ့် မြေပြင်မှာ အသက်နဲ့ခန္ဓာကို ရင်းပြီး တိုက်ပွဲဝင်နေရတဲ့ရဲဘော်တွေရဲ့ အခြေအနေကို ကိုယ်ချင်းစာကြည့်ပေးဖို့လည်းတိုက်တွန်း နှိုးဆော်ထားပါတယ်။ နွားထိုးကြီးမြို့နယ်အပါအဝင် မြင်းခြံခရိုင်အတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား စစ်ရေးအခြေအနေက ဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
Read moreကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်မြို့ရှိ ကျားဖြန့် (Scammer) လုပ်ငန်းခွင်မှ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာတဲ့တရုတ်နိုင်ငံသား ၁၆ ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဖုန်းအလုံးပေါင်း ၂၆၀ ကျော်နဲ့အတူ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ Royal Thai Army က ထုတ်ပြန်ထားပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက် ညသန်းခေါင်ယံအချိန်က ဆာကဲအိုခရိုင်၊အရန်းယပရာထက်မြို့နယ်အတွင်း နယ်စပ်ကင်းလှည့်နေတဲ့ ဘူရဖာတပ်ဖွဲ့ (Burapha Force) နဲ့ ပူးပေါင်းအဖွဲ့ကစစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေထဲမှာ တရုတ်နိုင်ငံသား အမျိုးသား ၁၅ ဦးနဲ့အမျိုးသမီး ၁ ဦး ပါဝင်ပြီး သူတို့နဲ့အတူ လက်ကိုင်ဖုန်း ၂၆၆ လုံးနဲ့လက်တော့ပ်တလုံးကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။ သူတို့ဟာ ပွိုင်ပက်ရှိ ကျားဖြန့်လုပ်ငန်းခွင်မှာ လုပ်ကိုင်နေသူတွေဖြစ်ပြီး အလုပ်ရှင်က အခြားနိုင်ငံတခုသို့ သွားရောက်လုပ်ကိုင်ဖို့စေခိုင်းတာကို မလိုလားဘဲ တရုတ်နိုင်ငံသို့သာပြန်လိုတာမို့ ထွက်ပြေးလာတာလို့ ဝန်ခံထားပါတယ်။ သူတို့အဖွဲ့ဟာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နိုင်ဖို့အတွက် ကမ္ဘောဒီးယားလူမျိုးလမ်းပြတဦးကို ဘတ် ၃,၅၀၀ စီ ပေးဆောင်ကာ တောလမ်းအတိုင်း ခိုးဝင်လာတာဖြစ်ပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေအားလုံးကို စစ်ဆေးမေးမြန်းတာတွေပြုလုပ်ပြီးနောက် ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့အတွက် ကလောင်နမ်ဆိုင် (Khlong Nam Sai) ရဲစခန်းသို့ လွှဲပြောင်းထားတယ်လို့သိရပါတယ်။
Read moreအာရက္ခဒေသအပါအဝင် နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဇန်နဝါရီလတလတည်းမှာတင်အရပ်သား ၁၂၇ ဦး သေဆုံးပြီး ၂၄၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Myanmar Defense & Security Institute (MDSI) က ဖေဖော်ဝါရီလ ၁၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးနဲ့ သံတွဲမြို့နယ်တွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝှမ်းမှာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၀၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်တွေထက်စာသင်ကျောင်း၊ဆေးရုံ၊ဘာသာရေးအဆောက်အအုံနဲ့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို ဦးတည်နေတာလို့ဆိုပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေရဲ့ ၄၈ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှု အမြင့်ဆုံး ဖြစ်ခဲ့ပေမယ့် တန်ပြန်ထိုးစစ်တွေရှိနေတဲ့ ရခိုင်အပါအဝင် အခြားဒေသတွေမှာလည်း လေကြောင်းရန်ဟာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
Read moreAir KBZ နဲ့ KT Group ဆီကို လွှဲပြောင်းပေးခဲ့တဲ့ ATR ခရီးသည်တင်လေယာဉ်တွေကို အာဏာသိမ်းစစ်တပ်က စစ်ဆင်ရေးတွေမှာ အသုံးပြုနေတာနဲ့ပတ်သက်ပြီး လေယာဉ်ငှားရမ်းပေးခဲ့တဲ့ NAC ကုမ္ပဏီဟာ လူ့အခွင့်အရေးစံနှုန်းတွေ လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ ဒိန်းမတ်နိုင်ငံက အတည်ပြုလိုက်ပါတယ်။ ဒိန်းမတ်နိုင်ငံအဆင့် တိုင်ကြားရေးဌာန (NCP Denmark) ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ လေယာဉ်အငှားကုမ္ပဏီ Nordic Aviation Capital (NAC) ဟာ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ OECD လမ်းညွှန်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာပါ။ အထူးသဖြင့် NAC အနေနဲ့ Air KBZ လိုမျိုး သူတို့ရဲ့ စီးပွားဖက်တွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်စိစစ်မှုတွေ လုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခ အခြေအနေကို ထည့်မတွက်ဘဲ ဆိုးကျိုးတွေကို တားဆီးဖို့ လုံလောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ မြန်မာစစ်တပ်ဟာ Air KBZ နဲ့ KT Group ဆီကနေ လွှဲပြောင်းယူခဲ့တဲ့ ATR ခရီးသည်တင်လေယာဉ် ၄ စီးကို လေတပ်ရဲ့ လေယာဉ်အမှတ်စဉ်တွေဖြစ်တဲ့ ၀၀၀၃၊ ၀၀၀၄၊ ၀၀၀၅ နဲ့ ၀MD၁၁ ဆိုပြီး ပြောင်းလဲအသုံးပြုခဲ့တာပါ။ အဲဒီ လေယာဉ်တွေကို တပ်ဖွဲ့ဝင်တွေ ပို့ဆောင်တာ၊ လက်နက်ခဲယမ်း သယ်ယူတာ၊ ကင်းထောက်တာနဲ့ စစ်ခေါင်းဆောင်တွေအပါအဝင် အထူးပုဂ္ဂိုလ်တွေရဲ့ ခရီးစဉ်တွေမှာ အမှန်တကယ် အသုံးပြုနေတာဖြစ်တယ်လို့ အတည်ပြုချက်တွေ အရ သိရပါတယ်။ Justice For Myanmar (JFM) ကတော့ ဒိန်းမတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး NAC နဲ့ သူ့ရဲ့မိခင်ကုမ္ပဏီတို့အနေနဲ့ ဒီတွေ့ရှိချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ တာဝန်မဲ့တဲ့ စီးပွားရေးလုပ်ဆောင်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။
Read moreHey! Don't Copy my content.