စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ တော်လှန်ရေးတပ်ဦး (BNRA) အဖွဲ့က ဒုတိယအဖွဲ့ခေါင်းဆောင် အပါအဝင် အဖွဲ့ဝင် ၅ ဦးဟာ ဖေဖော်ဝါရီလ ၂၀ ရက် မွန်းလွဲပိုင်းမှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ စစ်ကော်မရှင်တပ်ကထုတ်ပြန်ပါတယ်။ အဲဒီအလင်းဝင်လာသူတွေထဲမှာ BNRA ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်တဦး၊တတိယတာဝန်ခံတဦးနဲ့ အဖွဲ့ဝင် ၃ ဦး ပါဝင်ပြီး သူတို့နဲ့အတူ လက်နက်မျိုးစုံ ၅ လက်နဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ ယူဆောင်လာခဲ့တယ်လို့ဆိုပါတယ်။ သူတို့ဟာ ပုလဲမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်စခန်းတခုထံ လာရောက်ဆက်သွယ်ခဲ့ကြတာဖြစ်ပြီး အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်နဂါး (ခ) နိုင်လင်း အလင်းဝင်သွားပြီးနောက်ပိုင်း အခုလို ထပ်မံဝင်ရောက်လာကြတာလည်း ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဝင် ၅ ဦးကို နယ်မြေခံတပ်ဌာနချုပ်က တာဝန်ရှိသူတွေက လက်ခံထားပြီး လိုအပ်တဲ့ စိစစ်မှုတွေနဲ့ ထောက်ပံ့မှုတွေကို လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လုပ်သွားမယ်လို့ဆိုပါတယ်။
Read moreBorder News Agency မကွေး၊ ဖေဖော်ဝါရီ ၂၀။ မကွေးတိုင်း၊ ယောဒေသ ဂန့်ဂေါမြို့ ပြည့်ဝအမြောက်တပ် အမတ - ၃၇၁ က တပ်သားတဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဂန့်ဂေါခရိုင်တပ်ရင်းတခုဖြစ်တဲ့ ထီးလင်း YRA ပြည်သူ့တော်လှန်ရေးတပ်ရင်းထံ အလင်းဝင်လာတယ်လို့ ယောအလင်းတန်းက ဖေဖော်ဝါရီလ ၁၉ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီတပ်သား သန့်ဇင်အောင်ဟာ သူနဲ့အတူ MA-1 သေနတ် တလက်၊ ကျည်ဘောက် ၃ ခုနဲ့ ကျည်ဆန် ၇၀ ကိုပါ ယူဆောင်လာခဲ့တာပါ။ တပ်သားသန့်ဇင်အောင်ဟာ အလင်းဝင်ဖို့အတွက်တော်လှန်ရေးအဖွဲ့တွေနဲ့ ကြိုတင်ချိတ်ဆက်ထားတာမျိုးမရှိဘဲ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကတည်းက တပ်ကနေစတင်ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ ကြိုတင်ချိတ်ဆက်မှု မရှိတာကြောင့် လမ်းခရီးမှာ ၅ ရက်ကြာ အခက်အခဲတွေကြားက ဖြတ်သန်းခဲ့ရပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့မနက်ပိုင်းမှာမှ YRA ထီးလင်းအဖွဲ့ရဲ့ တပ်စခန်းတခုကိုရောက်ရှိပြီး အလင်းဝင်နိုင်ခဲ့တာလို့ဆိုပါတယ်။
Read moreBorder News Agency တောင်ကိုးရီးယား၊ ဖေဖော်ဝါရီ ၁၉။ တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆော့ယော (Yoon Suk Yeol) ကို ၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းဖို့ကြိုးပမ်းခဲ့တဲ့ နိုင်ငံတော်ပုန်ကန်မှုနဲ့ ဆိုးလ်အလယ်ပိုင်းခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၁၉ ရက်၊ ဒီနေ့မှာ အလုပ်ကြမ်းနဲ့တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေကသိရပါတယ်။ အဲဒီ ယွန်းဆော့ယောဟာ စစ်တပ်ကိုအသုံးပြုပြီး လွှတ်တော်ကိုပိတ်ဆို့တာ၊ နိုင်ငံရေးပြိုင်ဘက်တွေကို ဖမ်းဆီးဖို့ကြိုးပမ်းတာတွေအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တယ်လို့ တရားရုံးကဆုံးဖြတ်ခဲ့တာပါ။ ဒါ့အပြင် သူနဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟျွန်းကိုလည်း ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခဲ့ပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးအပြင်ဘက်မှာ လူထုအုပ်စုနှစ်စုကအပြိုင်အဆိုင် ဆန္ဒပြခဲ့ကြပါတယ်။ ဒီမိုကရေစီကို ဖျက်ဆီးသူတွေကို အမြင့်ဆုံးပြစ်ဒဏ်ပေးဖို့တောင်းဆိုပြီး အောင်ပွဲခံသူတွေရှိသလို တချို့ကလည်း ဒီစီရင်ချက်ဟာ နိုင်ငံရေးအရလက်စားချေတာဆိုပြီး "ယွန်းကို နောက်တစ်ကြိမ် အလိုရှိတယ်" လို့ ကြွေးကြော်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြပါတယ်။ ယွန်းဆော့ယောဟာ တောင်ကိုရီးယား ဒီမိုကရေစီခေတ်မှာ ပုန်ကန်မှုနဲ့တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျတဲ့ပထမဆုံး ရွေးကောက်ခံသမ္မတ ဖြစ်လာပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ရှေ့နေအဖွဲ့က ဒီစီရင်ချက်ကိုလက်မခံဘဲ အယူခံဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Read moreကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Thushara Fernando နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ နေပြည်တော်မှာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ အဲဒီလို တွေ့ဆုံရာမှာမြန်မာနိုင်ငံအတွင်း ဆက်လက်ဆောင်ရွက်မယ့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ အဲဒီတွေ့ဆုံမှုအတွင်းမှာတော့ Dr. Thushara Fernando ရဲ့ မြန်မာနိုင်ငံအတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း WHO နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေတွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီအပြင်ရှေ့ဆက်ပြီးဆောင်ရွက်သွားမယ့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်တွေကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ WHO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Thushara Fernando ဟာ အခုအခါမှာတော့ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်မှု သက်တမ်းပြီးဆုံးပြီဖြစ်တာကြောင့် ပြန်လည်ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
Read more၁ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး အပါအဝင် အဖွဲ့ဝင်တွေရဲ့ ရာဇဝတ်မှု ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီ ဗိုလ်နဂါးနဲ့အဖွဲ့ဟာ မုဒိမ်းကျင့်ဖို့ ကြံစည်မှုနဲ့လူသတ်အလောင်းဖျောက်မှု၊ PDF ရဲဘော်တွေကို ပစ်ခတ်သတ်ဖြတ်မှု၊ ပကဖ ရဲဘော် ၁၀ ဦးကို နှိပ်စက်မှုနဲ့ အမျိုးသမီးငယ် ၂ ဦးကို သက်ငယ်မုဒိမ်းကျင့်မှုအပါအဝင် အမှုပေါင်း ၇ ခုထက်မနည်း ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ရာဇဝတ်မှုတွေကို ပြည်သူ့ရဲတပ်ဖွဲ့က လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စုံစမ်းစစ်ဆေးနိုင်ဖို့ ကျူးလွန်သူတွေကို လွှဲပြောင်းပေးဖို့ အကြောင်းကြားခဲ့ပေမဲ့ BNRA ဘက်က လွှဲပြောင်းပေးတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အကူအညီနဲ့ ဖမ်းဆီးထိန်းသိမ်းဖို့ ဆောင်ရွက်ခဲ့ရာမှာ BNRA အဖွဲ့ဝင်အချို့က ပြန်လည်ခုခံခဲ့လို့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး၊ BNRA အဖွဲ့ဝင်အချို့ကို လက်နက်တွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ BNRA တပ်ဖွဲ့ဝင် ၁၅၀ ခန့်ဟာ PDF နဲ့ ပကဖ တွေထံကို ချိတ်ဆက်အဖမ်းခံတာ၊ လာရောက်ပူးပေါင်းတာနဲ့ လက်နက်အပ်နှံတာတွေ ပြုလုပ်နေကြပြီလို့လည်း ပြည်ထဲရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ အဲဒီဗိုလ်နဂါးနဲ့အဖွဲ့ရဲ့ ကျူးလွန်မှုတွေကို အရေးယူဆောင်ရွက်နေတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲထုတ်ပြန်ချက်တွေကိုလည်း လိုအပ်သလို ဆက်လက် ထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။ အဲဒီဗိုလ်နဂါးနဲ့ မိသားစုဝင်တွေဟာလက်နက်မျိုးစုံ ၆ လက်၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ပုလဲမြို့နယ်နယ်မြေခံလုံခြုံရေးတပ်စခန်းတခုဆီသို့ ဖေဖော်ဝါရီလ ၁၇ ရက်၊ညနေ၄နာရီ ၅၀ မိနစ်မှာအလင်းဝင်လာတယ်လို့ စစ်ကော်မရှင်တပ်က ထုတ်ပြန်ထားပါတယ်။
Read moreBorder News Agency ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၈။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၈ လကြာ တာဝန်ယူခဲ့တဲ့ ကြားဖြတ်အစိုးရအဖွဲ့ဟာ သူတို့ရဲ့လုပ်ငန်းစဉ်တွေကို အောင်မြင်စွာ အဆုံးသတ်လိုက်ပြီဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၁၈ ရက်၊ ဒီနေ့မှာ တရားဝင်အသိပေးလာပါတယ်။ ကြားဖြတ်အစိုးရ အကြီးတန်းအကြံပေးပုဂ္ဂိုလ်ပရော်ဖက်ဆာ မိုဟာမက်ယူနွတ်စ်ရဲ့ ပြန်ကြားရေးအဖွဲ့ကတော့ ၁၈ လတာ ခရီးစဉ်အတွင်း ဝန်းရံကူညီပေးခဲ့ကြတဲ့ပြည်သူတစ်ရပ်လုံးကို အထူးပဲကျေးဇူးတင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အခုအခါမှာတော့ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံထားရတဲ့ မစ္စတာတာရက်ခ်ရာမန်က ကျမ်းသစ္စာဆိုပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ကျမ်းသစ္စာဆိုပွဲအပြီးမှာတော့ ဝန်ကြီးချုပ်သစ် မစ္စတာတာရက်ခ်ရာမန်နဲ့ နှုတ်ထွက်တော့မယ့် အကြီးတန်းအကြံပေးပုဂ္ဂိုလ်ပရော်ဖက်ဆာ မိုဟာမက်ယူနွတ်စ်တို့ဟာ အပြန်အလှန်နှုတ်ဆက်ဂါရဝပြုခဲ့ကြပြီး နိုင်ငံ့တာဝန်တွေကို ချောမွေ့စွာ လွှဲပြောင်းပေးခဲ့ကြပါတယ်။ ကြားဖြတ်အစိုးရရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွေဟာလည်း အခုဆိုရင်ဝန်ဆောင်မှုတွေ ရပ်နားတော့မှာဖြစ်ပြီး နောက်ထပ်လှုပ်ရှားမှုတွေ ရှိတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အပြောင်းအလဲသစ်တခုဖြစ်ပြီး ကြားဖြတ်အစိုးရလက်ထက်ကနေ ရွေးကောက်ခံအစိုးရသစ်လက်ထက်ကို ကူးပြောင်းနိုင်ခဲ့တဲ့ မှတ်တိုင်တခုလည်း ဖြစ်ပါတယ်။
Read moreBorder News Agency ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၇။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ BNP ပါတီဥက္ကဌ မစ္စတာတာရစ်ရာမန်ဟာ ဒီနေ့မှာပဲ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တရားဝင်ကျမ်းသစ္စာကျိန်ဆိုလိုက်ပါတယ်။ ကျမ်းသစ္စာဆိုပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက်၊ ဒီနေ့မနက်ပိုင်းမှာ ဒါကာမြို့ရှိ လွှတ်တော်အဆောက်အအုံရဲ့ တောင်ဘက်ပလာဇာမှာ ခမ်းခမ်းနားနားကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီအခမ်းအနားမှာ ဝန်ကြီးချုပ်သစ်နဲ့အတူ BNP ပါတီကနေရွေးချယ်ထားတဲ့ ဝန်ကြီးအဖွဲ့ဝင်သစ်တွေကလည်း နိုင်ငံ့တာဝန်တွေကိုထမ်းဆောင်ဖို့အတွက် အသီးသီးကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။
Read moreBorder News Agency ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၇။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲအနိုင်ရထားတဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ BNP ကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ပါမောက္ခယူနွတ်စ်ဦးဆောင်တဲ့ ယာယီအစိုးရအဖွဲ့ကနေ နိုင်ငံ့အာဏာကို တရားဝင်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ ယာယီအစိုးရအကြီးအကဲ ယူနွတ်စ်ဟာ မနေ့က ဖေဖော်ဝါရီလ ၁၆ ရက်မှာ ရာထူးကနေနှုတ်ထွက်သွားခဲ့ပြီး အာဏာရလာမယ့် BNP ပါတီနဲ့ လွှတ်တော်အမတ်တွေကို တရားမျှတပြီးဒီမိုကရေစီဆန်တဲ့ နိုင်ငံသစ်တခု တည်ဆောက်ကြဖို့လည်း မှာကြားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်၊ ဒီနေ့မနက်ပိုင်းမှာတော့ ရွေးကောက်ခံလွှတ်တော်အမတ်တွေရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို လွှတ်တော်အဆောက်အအုံရဲ့ တောင်ဘက်ပလာဇာမှာ ပြုလုပ်ခဲ့ကြပြီး ဒါဟာ ၂၀၂၄ ခုနှစ် ကျောင်းသားလူထုအုံကြွမှုအတွင်း သေဆုံးခဲ့သူတွေကိုဂုဏ်ပြုတဲ့အနေနဲ့ အခုလိုနေရာပြောင်းလဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ အခုအကြိမ် ၁၃ ကြိမ်မြောက် ရွေးကောက်ပွဲမှာတော့ လွှတ်တော်အမတ် ၂၉၇ ဦး ရွေးကောက်ခံခဲ့ရပြီး အဲဒီအထဲက ၂၀၉ ဦးဟာ BNP ပါတီကဖြစ်တာကြောင့် အစိုးရဖွဲ့စည်းခွင့်ကို ရရှိမှာဖြစ်သလိုပါတီဥက္ကဌ တာရစ်ရာမန်ကိုလည်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သွားမှာ ဖြစ်ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ တာရစ်ရာမန်အပါအဝင် အမတ်အားလုံးကျိန်ဆိုပြီးသွားရင်တော့ လွှတ်တော်ဥက္ကဌကို ရွေးချယ်ပြီးလွှတ်တော်ကို တရားဝင်ဖွဲ့စည်းမှာဖြစ်သလို ဝန်ကြီးချုပ်သစ်ခန့်အပ်ရေးအတွက် သမ္မတဆီကိုဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ သမ္မတကနေ ဝန်ကြီးချုပ်သစ်နဲ့ ဝန်ကြီးအဖွဲ့ဝင်တွေကို ခန့်အပ်ပြီးရင်တော့ ကျမ်းသစ္စာကျိန်ဆိုပွဲတွေဆက်လုပ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရသစ်ဟာ နိုင်ငံ့တာဝန်တွေကို တရားဝင်စတင်ထမ်းဆောင်သွားတော့မှာ ဖြစ်ပါတယ်။
Read moreBorder News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇။ မြန်မာနိုင်ငံရှိ တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံကို တပတ်အတွင်းထွက်ခွာဖို့ ဖိအားပေးနှင်ထုတ်ခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့လုပ်ရပ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။ စစ်ကော်မရှင်တပ်က ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တိုင်ကြားမှုကို တီမောတရားရုံးက လက်ခံအမှုဖွင့်ခဲ့ပြီးနောက်မှာ စစ်ကော်မရှင်တပ်က အခုလိုတီမောသံတမန်ကို နှင်ထုတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီလို စစ်ကော်မရှင်တပ်ရဲ့ခုလိုလုပ်ရပ်ဟာ နိုင်ငံတကာသံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (Vienna Convention) ကို ချိုးဖောက်တာဖြစ်ပြီး သံတမန်ရေးအရ ခြိမ်းခြောက်အကျပ်ကိုင်မှုသာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ တီမောနိုင်ငံကို သီးသန့်ရွေးချယ်အရေးယူတာဟာ နိုင်ငံတကာစံနှုန်းတွေကို မလေးစားတာဖြစ်ပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးတဲ့တီမောနိုင်ငံရဲ့ လုပ်ဆောင်ချက်ကို ကျေးဇူးတင်တယ်လို့လည်း NUG ကဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားမျှတမှုဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ကူညီမှုတွေတိုးမြှင့်ပေးဖို့ကိုလည်း NUG က တိုက်တွန်းထားပါတယ်။
Read moreBorder News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာအဂတိလိုက်စားမှု အမြင့်ဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့ Transparency International (TI) အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့အစီရင်ခံစာအရ သိရပါတယ်။ ကမ္ဘာလုံးဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (TI) ရဲ့ အညွှန်းကိန်း (CPI) အရ မြန်မာနိုင်ငံဟာ ရမှတ် ၁၆ မှတ်သာရရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၈၂ နိုင်ငံအနက် အဆင့် ၁၆၉ မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုကင်းမဲ့လာတာနဲ့အတူ အဂတိလိုက်စားမှုနဲ့ အကျင့်ပျက်ခြစားမှုတွေဟာ နယ်ပယ်အသီးသီးမှာ ပိုမိုဆိုးရွားလာနေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ကမ္ဘာ့အဂတိလိုက်စားမှု အဆိုးဆုံးစာရင်းမှာ မြန်မာနိုင်ငံရဲ့ အောက်မှာ နိုင်ငံပေါင်း ၁၁ နိုင်ငံသာကျန်ရှိတော့ပြီး အိမ်နီးချင်းထိုင်းနိုင်ငံထက် နှစ်ဆနီးပါးအခြေအနေပိုမိုဆိုးရွားနေတာကို တွေ့ရပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ စင်ကာပူနိုင်ငံကရမှတ် ၈၄ မှတ်နဲ့ အဂတိလိုက်စားမှုအနည်းဆုံး ကမ္ဘာ့အဆင့် ၃ မှာ ရပ်တည်နေပြီး မြန်မာနိုင်ငံကတော့ ဒေသတွင်းမှာအကျင့်ပျက်ခြစားမှု အဆိုးဆုံးနိုင်ငံအဖြစ် တောက်လျှောက် သတ်မှတ်ခံနေရတာပါ။ စစ်ကော်မရှင်တပ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွေ လုပ်ဆောင်နေတယ်လို့ဆိုနေပေမယ့် လက်တွေ့မှာတော့ စစ်တပ်နဲ့နီးစပ်တဲ့လုပ်ငန်းရှင်တွေနဲ့ အာဏာပိုင်တွေကြားအဂတိလိုက်စားမှုတွေဟာ ပိုမိုကျယ်ပြန့်လာနေပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘဝအပေါ်များစွာ ထိခိုက်နေတယ်လို့ စီးပွားရေးလေ့လာသူတွေက ဆိုကြပါတယ်။
Read moreHey! Don't Copy my content.