နိုင်ငံရေး

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲအနိုင်ရ BNP ပါတီကို အာဏာလွှဲပြောင်းပေးအပ်

Border News Agency  ဘင်္ဂလားဒေ့ရှ်၊​ ဖေဖော်ဝါရီ ၁၇။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲအနိုင်ရထားတဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ BNP ကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ပါမောက္ခယူနွတ်စ်ဦးဆောင်တဲ့ ယာယီအစိုးရအဖွဲ့ကနေ နိုင်ငံ့အာဏာကို တရားဝင်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ ယာယီအစိုးရအကြီးအကဲ ယူနွတ်စ်ဟာ မနေ့က ဖေဖော်ဝါရီလ ၁၆ ရက်မှာ ရာထူးကနေနှုတ်ထွက်သွားခဲ့ပြီး အာဏာရလာမယ့် BNP ပါတီနဲ့ လွှတ်တော်အမတ်တွေကို တရားမျှတပြီးဒီမိုကရေစီဆန်တဲ့ နိုင်ငံသစ်တခု တည်ဆောက်ကြဖို့လည်း မှာကြားခဲ့ပါတယ်။ ​ဖေဖော်ဝါရီလ ၁၇ ရက်၊ ဒီနေ့မနက်ပိုင်းမှာတော့ ရွေးကောက်ခံလွှတ်တော်အမတ်တွေရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို လွှတ်တော်အဆောက်အအုံရဲ့ တောင်ဘက်ပလာဇာမှာ ပြုလုပ်ခဲ့ကြပြီး ဒါဟာ ၂၀၂၄ ခုနှစ် ကျောင်းသားလူထုအုံကြွမှုအတွင်း သေဆုံးခဲ့သူတွေကိုဂုဏ်ပြုတဲ့အနေနဲ့ အခုလိုနေရာပြောင်းလဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ ​အခုအကြိမ် ၁၃ ကြိမ်မြောက် ရွေးကောက်ပွဲမှာတော့ လွှတ်တော်အမတ် ၂၉၇ ဦး ရွေးကောက်ခံခဲ့ရပြီး အဲဒီအထဲက ၂၀၉ ဦးဟာ BNP ပါတီကဖြစ်တာကြောင့် အစိုးရဖွဲ့စည်းခွင့်ကို ရရှိမှာဖြစ်သလိုပါတီဥက္ကဌ တာရစ်ရာမန်ကိုလည်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သွားမှာ ဖြစ်ပါတယ်။ ​ကျမ်းသစ္စာကျိန်ဆိုပွဲမှာ တာရစ်ရာမန်အပါအဝင် အမတ်အားလုံးကျိန်ဆိုပြီးသွားရင်တော့ လွှတ်တော်ဥက္ကဌကို ရွေးချယ်ပြီးလွှတ်တော်ကို တရားဝင်ဖွဲ့စည်းမှာဖြစ်သလို ဝန်ကြီးချုပ်သစ်ခန့်အပ်ရေးအတွက် သမ္မတဆီကိုဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။ ​နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ သမ္မတကနေ ဝန်ကြီးချုပ်သစ်နဲ့ ဝန်ကြီးအဖွဲ့ဝင်တွေကို ခန့်အပ်ပြီးရင်တော့ ကျမ်းသစ္စာကျိန်ဆိုပွဲတွေဆက်လုပ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရသစ်ဟာ နိုင်ငံ့တာဝန်တွေကို တရားဝင်စတင်ထမ်းဆောင်သွားတော့မှာ ဖြစ်ပါတယ်။

Read more

​တီမောသံအမတ်ကိုနှင်ထုတ်တဲ့ စစ်ကော်မရှင်တပ်ရဲ့လုပ်ရပ်အပေါ် NUG ကန့်ကွက်ရှုတ်ချ

​Border News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇။ ​မြန်မာနိုင်ငံရှိ တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံကို တပတ်အတွင်းထွက်ခွာဖို့ ဖိအားပေးနှင်ထုတ်ခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့လုပ်ရပ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။ ​စစ်ကော်မရှင်တပ်က ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တိုင်ကြားမှုကို တီမောတရားရုံးက လက်ခံအမှုဖွင့်ခဲ့ပြီးနောက်မှာ စစ်ကော်မရှင်တပ်က အခုလိုတီမောသံတမန်ကို နှင်ထုတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီလို ​စစ်ကော်မရှင်တပ်ရဲ့ခုလိုလုပ်ရပ်ဟာ နိုင်ငံတကာသံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (Vienna Convention) ကို ချိုးဖောက်တာဖြစ်ပြီး သံတမန်ရေးအရ ခြိမ်းခြောက်အကျပ်ကိုင်မှုသာဖြစ်တယ်လို့ ဆိုပါတယ်။ ​စစ်ကော်မရှင်တပ်ဟာ တီမောနိုင်ငံကို သီးသန့်ရွေးချယ်အရေးယူတာဟာ နိုင်ငံတကာစံနှုန်းတွေကို မလေးစားတာဖြစ်ပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးတဲ့တီမောနိုင်ငံရဲ့ လုပ်ဆောင်ချက်ကို ကျေးဇူးတင်တယ်လို့လည်း NUG ကဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားမျှတမှုဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ကူညီမှုတွေတိုးမြှင့်ပေးဖို့ကိုလည်း NUG က တိုက်တွန်းထားပါတယ်။

Read more

အာဏာသိမ်း ၅ နှစ်နီးပါးအကြာ မြန်မာ့အဂတိလိုက်စားမှု ကမ္ဘာ့အောက်ဆုံးမှာရှိနေ

​Border News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆။ ​အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာအဂတိလိုက်စားမှု အမြင့်ဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့ Transparency International (TI) အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့အစီရင်ခံစာအရ သိရပါတယ်။ ​ကမ္ဘာလုံးဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (TI) ရဲ့ အညွှန်းကိန်း (CPI) အရ မြန်မာနိုင်ငံဟာ ရမှတ် ၁၆ မှတ်သာရရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၈၂ နိုင်ငံအနက် အဆင့် ၁၆၉ မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ​မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုကင်းမဲ့လာတာနဲ့အတူ အဂတိလိုက်စားမှုနဲ့ အကျင့်ပျက်ခြစားမှုတွေဟာ နယ်ပယ်အသီးသီးမှာ ပိုမိုဆိုးရွားလာနေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ​ကမ္ဘာ့အဂတိလိုက်စားမှု အဆိုးဆုံးစာရင်းမှာ မြန်မာနိုင်ငံရဲ့ အောက်မှာ နိုင်ငံပေါင်း ၁၁ နိုင်ငံသာကျန်ရှိတော့ပြီး အိမ်နီးချင်းထိုင်းနိုင်ငံထက် နှစ်ဆနီးပါးအခြေအနေပိုမိုဆိုးရွားနေတာကို တွေ့ရပါတယ်။ ​အာဆီယံနိုင်ငံတွေထဲမှာတော့ စင်ကာပူနိုင်ငံကရမှတ် ၈၄ မှတ်နဲ့ အဂတိလိုက်စားမှုအနည်းဆုံး ကမ္ဘာ့အဆင့် ၃ မှာ ရပ်တည်နေပြီး မြန်မာနိုင်ငံကတော့ ဒေသတွင်းမှာအကျင့်ပျက်ခြစားမှု အဆိုးဆုံးနိုင်ငံအဖြစ် တောက်လျှောက် သတ်မှတ်ခံနေရတာပါ။ ​စစ်ကော်မရှင်တပ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွေ လုပ်ဆောင်နေတယ်လို့ဆိုနေပေမယ့် လက်တွေ့မှာတော့ စစ်တပ်နဲ့နီးစပ်တဲ့လုပ်ငန်းရှင်တွေနဲ့ အာဏာပိုင်တွေကြားအဂတိလိုက်စားမှုတွေဟာ ပိုမိုကျယ်ပြန့်လာနေပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘဝအပေါ်များစွာ ထိခိုက်နေတယ်လို့ စီးပွားရေးလေ့လာသူတွေက ဆိုကြပါတယ်။

Read more

ဖားဆောင်းမြို့ကို စစ်ကော်မရှင်တပ်ပြန်လည်ထိန်းချုပ်

​ကရင်နီပြည်အတွင်းရှိ တော်လှန်ရေးပူပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖားဆောင်းမြို့ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။ ​ဖားဆောင်းမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကော်မရှင်တပ်ဟာ ရန်နိုင်မင်း စစ်ဆင်ရေးအမည်နဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာယလကတည်းက ဘောလခဲ-ထူးချောင်း-ဖားဆောင်း လမ်းကြောင်းအတိုင်း စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ ​အဲဒီ စစ်ဆင်ရေးကာလအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲကြီး၊တိုက်ပွဲငယ် ၃၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ​ဖားဆောင်းမြို့ကို မထိန်းချုပ်နိုင်ခင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြို့အဝင်ရှိ နမ့်ကစ်ကျေးရွာနဲ့ ပါပုကျေးရွာတို့ကို စစ်ကော်မရှင်တပ်က ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းပိုက်ခဲ့ရပြီးနောက် မနေ့က မြို့ထဲကို ဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ​မြို့ပေါ်တိုက်ပွဲတွေအတွင်း ဘာသာရေးအဆောက်အဦတွေ၊ စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ရသလို၊ လက်ရှိမှာတော့ မြို့အတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ​ဖားဆောင်းမြို့ကို ပြန်လည်ရရှိပြီဖြစ်လို့ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း လမ်းမကြီးကို မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်တော့မယ်လို့ စစ်ကော်မရှငိတပ်ကဆိုထားပေမယ့် မြေပြင်မှာတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

Read more

အိန္ဒိယမှာ မုန်တိုင်းမိပြီးထိန်းသိမ်းခံထားရတဲ့ မြန်မာရေလုပ်သား ၅ ဦး နေရပ်ပြန်ရောက်

​ပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာရေလုပ်သား ၅ ဦး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီလို့ သိရပါတယ်။ ​အဲဒီရေလုပ်သား ၅ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပင်လယ်ပြင်မှာ ငါးဖမ်းနေရင်း မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံဘက်ကို ရောက်ရှိသွားခဲ့တာပါ။ အဲဒီနောက် အိန္ဒိယနိုင်ငံ၊ Trichy မြို့က အထူးစခန်း (Special Camp) မှာ ထိန်းသိမ်းခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ​သူတို့ကို နေရပ်ပြန်ပို့နိုင်ဖို့အတွက် သက်ဆိုင်ရာ နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၄ ရက်၊မနက်ပိုင်းမှာ ချန်နိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေတဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) နဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ​အခုပြန်လည်ရောက်ရှိလာတဲ့ ရေလုပ်သားတွေဟာ Trichy မြို့နဲ့ ချန်နိုင်းမြို့တွေမှာရှိတဲ့ နိုင်ငံခြားသားမှတ်ပုံတင်ရေးရုံးတွေနဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ရရှိခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Read more

လက်နက်ကိုင်တွေကြောင့်ပြည်သူဒုက္ခရောက်နေတယ်လို့စစ်ခေါင်းဆောင်ပြော

​စစ်ကိုင်းတိုင်းမတည်ငြိမ်မှုဟာ ဒေသခံတွေအသိပညာနည်းတာနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ငွေကြေးကောက်ခံမှုကြောင့် ပြည်သူတွေ ဝန်ထုတ်ဝန်ပိုးဖြစ်နေရတာလို့ စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုလိုက်ပါတယ်။ ​ဒါပေမယ့် မြေပြင်မှာတော့ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှု၊လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြရတာ ဖြစ်ပါတယ်။ ​ဟုမ္မလင်းမြို့ ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်က စစ်ကိုင်းတိုင်းအတွင်းက ပဋိပက္ခတွေကို ပညာရေးအားနည်းမှုနဲ့ ဆက်စပ်ပြောဆိုခဲ့သလို တော်လှန်ရေးအဖွဲ့တွေက ဒေသခံတွေဆီက ငွေကြေးကောက်ခံနေတာကြောင့် ပြည်သူတွေ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။ ​လက်တွေ့မှာတော့ စစ်ကော်မရှင်တပ်တွေရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေအတွင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူ သောင်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။ ​စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အတော်များများမှာ စစ်ကော်မရှင်ဘက်က လေကြောင်းတိုက်ခိုက်တာတွေအပြင် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အဦတွေ ပျက်စီးနေရသလို အရပ်သားသေဆုံးမှုတွေလည်း တနေ့ထက်တနေ့ များပြားလာနေတာပါ။ ​စစ်ကိုင်းတိုင်းဟာ စစ်ကော်မရှင်တပ်ကို အပြင်းထန်ဆုံးခုခံနေတဲ့ ဒေသဖြစ်တာကြောင့် စစ်ကော်မရှင်ဘက်က နယ်မြေစိုးမိုးရေးအတွက် မြေပြင်၊ ဝေဟင်အင်အားတွေကို အလွန်အကျွံ သုံးစွဲနေတာဖြစ်ပါတယ်။ အဲဒီလုပ်ရပ်တွေကြောင့် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ အဖတ်ဆယ်မရအောင်ပျက်စီးနေရတာဖြစ်ပါတယ်။

Read more

​တီမောလက်စ်တေသံရုံးယာယီတာဝန်ခံကို ၇ ရက်အတွင်း ထွက်ခွာဖို့ စစ်ကော်မရှင်ပြော

​ရန်ကုန်မြို့မှာရှိတဲ့ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာ အေလီယို ဒီ ရိုဆာရီယို ဖာနန်ဒက်စ် (Mr. Elio de Jesus Rosario Fernandes) ကို လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ထက်နောက်မကျဘဲ မြန်မာနိုင်ငံကနေ ထွက်ခွာသွားဖို့ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ၁၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ​တီမောလက်စ်တေ အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတာကြောင့် အခုလို သံတမန်ရေးအရ အရေးယူရတာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်။ ​ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ တီမောလက်စ်တေ သမ္မတဟာ မြန်မာစစ်တပ်အရာရှိတွေကို တရားစွဲဆိုဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတခုရဲ့ ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ရပ်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ မူဝါဒကို ချိုးဖောက်တာဖြစ်သလို အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာဟာ လက်ခံနိုင်စရာမရှိဘူးလို့ စစ်ကော်မရှင်ဘက်က ဆိုပါတယ်။ ​ဒီကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီလ၂၉ ရက်နေ့က လာအိုနိုင်ငံမှာကျင်းပတဲ့ အစည်းအဝေးတုန်းကလည်း စစ်ကော်မရှင်ဘက်က ကန့်ကွက်ခဲ့သလို တီမောလက်စ်တေဘက်က ရှင်းလင်းချက်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် တီမောလက်စ်တေဘက်က တရားဝင်ရှင်းလင်းချက် မပေးတဲ့အပြင် မြန်မာနိုင်ငံက အဖွဲ့အစည်းအချို့နဲ့ ဆက်လက်ထိတွေ့နေတာကြောင့် အခုလို သံတမန်ကို နှင်ထုတ်တဲ့အထိ ဖြစ်လာတာပါ။ ​မြန်မာနိုင်ငံအနေနဲ့ နိုင်ငံအချင်းချင်း တန်းတူရည်တူရှိရေးနဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ မူဝါဒတွေကို လေးစားလိုက်နာဖို့ တီမောလက်စ်တေဘက်ကို အမြဲတစေ သတိပေးခဲ့တယ်လို့လည်းဆိုပါတယ်။ ​အတယ်လို့ တီမောလက်စ်တေဘက်က သူတို့ရဲ့ ရပ်တည်ချက်တွေကို မပြောင်းလဲဘူးဆိုရင် နောက်ထပ် ပိုမိုပြင်းထန်တဲ့ အစီအမံတွေကို ထပ်မံလုပ်ဆောင်သွားမယ်လို့လည်း စစ်ကော်က သတိပေးထားပါတယ်။

Read more

​မြူးနစ်ညီလာခံအပြင်ဘက်မှာ အီရန်အတိုက်အခံ ၂ သိန်းခွဲခန့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြ

Border News Agency  ဂျာမနီ၊ ဖေဖော်ဝါရီ ၁၅။ ​ဂျာမနီနိုင်ငံ၊ မြူးနစ်လုံခြုံရေးညီလာခံ (MSC) အပြင်ဘက်မှာ အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ၃ ရက်ကြာတဲ့အထိ ဆက်လက်ဖြစ်ပွားနေပြီး ဆန္ဒပြသူ ၂ သိန်းခွဲခန့်ရှိတယ်လို့ ဂျာမန်ရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ထားပါတယ်။ ပြည်နှင်ဒဏ်ခံအီရန်မင်းသားဟောင်း ရေဇာပါဟယ်ဗီက ဒီလှုပ်ရှားမှုကို "ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနေ့" အဖြစ် သတ်မှတ်ခဲ့ပြီး တခြားနိုင်ငံတကာမြို့ကြီးတွေမှာလည်း လူစုလူဝေးတွေပြုလုပ်ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ အဲဒီ​ဆန္ဒပြပွဲတွေအတွင်း အုပ်ချုပ်ရေးယန္တရားအပြောင်းအလဲကို တခဲနက်ကြွေးကြော်နေကြပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း အီရန်မှာအစိုးရအပြောင်းအလဲဖြစ်လာဖို့ အကြံပြုထားတယ်လို့ ဆိုပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အီရန်ပြည်သူ့လှုပ်ရှားမှုတွေအတွင်း အနည်းဆုံး ၇,၀၀၅ ဦးသေဆုံးပြီး ၅၃,၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ HRANA အဖွဲ့က ပြောဆိုထားပေမယ့် အီရန်အစိုးရဘက်ကတော့ သေဆုံးသူ ၃,၁၁၇ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ​အီရန်အာဏာပိုင်တွေက အင်တာနက်နဲ့ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားတဲ့အတွက် အချက်အလက်အတိအကျရဖို့ ခက်ခဲနေတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ မင်းသား ပါဟယ်ဗီကတော့ သမ္မတထရမ့်အနေနဲ့ အီရန်ပြည်သူတွေကို ကူညီပေးဖို့နဲ့လက်ရှိအစိုးရကို အပြီးတိုင် အဆုံးသတ်ပေးဖို့ မြူးနစ်သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

Read more

ကုလသမဂ္ဂလွှတ်တော်ဆိုင်ရာကြားနာပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေး

​အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေက ကျင်းပခဲ့တဲ့ လွှတ်တော်ဆိုင်ရာ ကြားနာပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီပါပွဲကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နဲ့ ကုလသမဂ္ဂ (UN) တို့က ပူးပေါင်းကျင်းပတာဖြစ်ပြီး မြန်မာကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါ်မြတ်သီတာထွန်း၊ဒေါ်မြမျိုးအေးနဲ့ဒေါ်ဖြူဖြူလွင်တို့ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီ​ကြားနာပွဲအတွင်း မြန်မာကိုယ်စားလှယ်တွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ စစ်တပ်ရဲ့ အကြမ်းဖက်အာဏာသိမ်းမှုကြောင့် တိုက်ရိုက်ဖြိုဖျက်ခံခဲ့ရတာဖြစ်ကြောင်းနဲ့ လက်ရှိမှာ ပြည်သူ ၁၆ သန်းကျော် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ တင်ပြခဲ့ပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်တပ်က ကျင်းပတဲ့အတုအယောင်ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ကိုယ်စားပြုမှု မရှိတဲ့အတွက် ဒီမိုကရေစီကို နောက်ထပ်စိန်ခေါ်မှုဖြစ်စေတယ်လို့ ထောက်ပြဆွေးနွေးခဲ့ပါတယ်။ ​နိုင်ငံတကာအနေနဲ့ အာဏာကိုအတင်းအဓမ္မသိမ်းယူထားသူတွေကို ပြည်သူကရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ တန်းတူဆက်ဆံနေမယ်ဆိုရင် ဒီမိုကရေစီစံနှုန်းတွေ အားနည်းသွားမှာဖြစ်လို့ မူဝါဒပိုင်းတသမတ်တည်းရှိဖို့ အရေးကြီးတယ်လို့လည်း တိုက်တွန်းထားပါတယ်။ အဲဒီကြားနာပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့ပါတယ်။

Read more

​နွားထိုးကြီးမှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံး၊အက်ဆစ်ဗုံးတွေနဲ့တိုက်ခိုက်

​မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်တွေက မြေပြင်စစ်ကြောင်းထိုးဖို့ ခက်ခဲတဲ့ကျေးရွာတွေကို ဒရုန်းတွေအသုံးပြုပြီး မီးလောင်ဗုံး၊အက်ဆစ်ဗုံးတွေနဲ့တိုက်ခိုက်နေတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရှိရပါတယ်။ စစ်ကော်မရှင်ဘက်က မြေပြင်ကနေ ဝင်ရောက်ဖို့ အခက်အခဲရှိတဲ့နေရာတွေကို အခုလို ဒရုန်းနည်းပညာသုံးပြီး အရပ်သားကျေးရွာတွေအထိ ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်လို့ တော်လှန်ရေးရဲဘော်တချို့မှာ အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပေမယ့် ခန္ဓာကိုယ်မှာ အက်ဆစ်လောင်ဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်ရတဲ့အထိ ပြင်းထန်တဲ့ ထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေကတော့ ဒါဟာ မိမိတို့ယုံကြည်ချက်ကြောင့် ရွေးချယ်ခဲ့တဲ့လမ်းဖြစ်လို့ နောက်မဆုတ်ဘဲ ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်ကြောင်းနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအပေါ် သစ္စာစောင့်သိသွားမယ်လို့ ဆိုထားပါတယ်။ ​လက်ရှိမှာ တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှထောက်ပံ့ကူညီသူတွေဘက်က ပင်ပန်းနွမ်းနယ်မှုတွေ ရှိလာနိုင်ပေမယ့် မြေပြင်မှာ အသက်နဲ့ခန္ဓာကို ရင်းပြီး တိုက်ပွဲဝင်နေရတဲ့ရဲဘော်တွေရဲ့ အခြေအနေကို ကိုယ်ချင်းစာကြည့်ပေးဖို့လည်းတိုက်တွန်း နှိုးဆော်ထားပါတယ်။ နွားထိုးကြီးမြို့နယ်အပါအဝင် မြင်းခြံခရိုင်အတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား စစ်ရေးအခြေအနေက ဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

Read more
Page 34 of 130 1 33 34 35 130

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here