Border News Agency
ခလယ်လွီထူ၊ စက်တင်ဘာ ၂၃။
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်မှာ စစ်ကော်မရှင်တပ်ကြောင်းတိုက်ခိုက်လို့အရပ်သားသုံးဦး ဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသာအစည်းအရုံးမှ စက်တင်ဘာလ ၂၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သားသုံးဦး ဒဏ်ရာရသွားသလိုနေအိမ်နှစ်လုံးနဲ့ စာသင်ကျောင်းတဆောင် ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ရန်မတီးစခန်းက စက်တင်ဘာ ၉ ရက်၊ နေ့လလည် ၁၁နာရီခွဲအချိန်မှာ ညောင်ပင်သာကျေးရွာကိုလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့်
ငါးနှစ်သားအရွယ်ကလေးတဦး ဒဏ်ရာရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ခမရ ၃၅၁ တပ်ရင်းကလည်း စက်တင်ဘာ ၁၀ ရက်၊ ညနေ ၄ နာရီအချိန်က ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် သစ်ချဆိပ်ရွာမှအသက်ငါးဆယ်သုံးနှစ်အရွယ်ဒေါ်မိုးခိုင်ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
နောက်ပြီး တိုင်ပင်ကျေးရွာကို စက်တင်ဘာ ၁၅ ရက်နေ့ကလည်း လက်နက်ကြီးပစ်ခတ်လို့ စောမာထူး ဒဏ်ရာရခဲ့သလို ပရဲစီကျေးရွာအနီးရှိ နေအိမ်တဆောင်လည်းပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ ခလရ ၂၀ တပ်ရင်းက စက်တင်ဘာ ၁၇ ရက်နေ့က ကောက်မယ်သူကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဦးကြည်လွင်ရဲ့ နေအိမ်တဆောင်လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
နတ်ကွင်းမှာရှိတဲ့ စစ်ကော်မရှင်တပ်က စက်တင်ဘာ ၉ ရက်နေ့ကလည်း ညောင်တန်းကျေးရွာကို လက်နက်ကြီးပစ်ခတ်လို့ စာကျောင်းဆောင်တခုလုံးပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေမှာ အပြစ်မဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်တိုက်ခိုက်နေလို့ အရပ်သားသေဆုံးတာ၊ ဒဏ်ရာရရှိတာ၊ နေအိမ်ပျက်စီးတာတွေနေ့စဥ်ဖြစ်နေတယ်လို့ဆိုပါတယ်။