Border News Agency
မောင်တော၊ အောက်တိုဘာ ၂၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်၊ မြိုယုရွာအရှေ့ဘက်တံတားအနီးမှာ အောက်တိုဘာလ ၂၂ ရက်၊ ဒီနေ့နေ့လည် ၁ နာရီကျော်အချိန်ခန့်က ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်သမားတွေ ပစ်သတ်လို့ အရပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
အဲဒီမောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာနေ အသက်သုံးဆယ်အရွယ် မဝေဝေစိုးနဲ့ အသက်လေးဆယ်အရွယ် နိုင်နိုင်ဆွေကိုအကြမ်းဖက်သမားတွေ ပစ်သတ်သွားကြတာပါ။
အဲဒီဝေဝေစိုးအလောင်းအနီးမှာ အသက်သုံးနှစ်အရွယ်သမီးငယ် အခိုင်မြတ်မွန်ကို အသက်ရှင်ပြီးတွေ့ရသလို ကားမောင်းသူကို ထွန်းဝင်း၊ အသက်နှစ်ဆယ်ငါးနှစ်အရွယ် ခရီးသည်မောင်သန်းထွေးမှာ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
“ဖြစ်တာကတော့ မှန်ပါတယ်။ စေတီပြင်ကဈေးဝယ်ပြီး ကျောက်ပန္ဒူကိုလာတာပါ။ကားကတော့ ကျောက်ပန္ဒူကလို့ ပြောပါတယ်။ နာမည်က ကိုထွန်းဝင်းပါ။ ကျောက်ပန္ဒူဘက်ကားက စေတီပြင်ကဈေးဝယ်ပြီး ပြန်လာတဲ့အချိန်မှာ အဖမ်းခံရတာလို့ပြောပါတယ်။”လို့ ကျောက်ပန္ဒူရွာသားတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအရပ်သားပြည်သူတွေဟာ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှစျေးဝယ်ပြီး မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာသို့ ပြန်လာကြလို့ဆိုကြပါတယ်။
အဲဒီပစ်ခတ်မှုတွေကို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင် အကြမ်းဖက်သမားတွေကျူးလွန်တာဖြစ်သလို ခရီးသွားပြည်သူတွေကို သေနတ်ပစ် ပြန်ပေးဆွဲသွားကြတာလည်း ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်သမားတွေလို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီကျောက်ပန္ဒူ – စေတီပြင်၊ မယူတောင်ကျော်လမ်းမှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၄ ရက်နေ့ကလည်း သေနတ်ပစ်ခံရလို့ တဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီနေရာကို အာရက္ခတပ်တော်က သွားရောက်ရှင်းလင်းနေပြီး ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်သ
မားတွေကို အာရက္ခတပ်တော်က လိုက်လံရှာနေတယ်လို့ ဆိုပါတယ်။






