Border News Agency
ပုဏ္ဏားကျွန်း၊ နိုဝင်ဘာ ၁။
အာရက္ခဒေသမှာ စစ်ကော်မရှင်တပ်ကြောင်း အောက်တိုဘာလအတွင်း ပြည်သူဆယ့်လေးဦးသေဆုံးပြီး သုံးဆယ်လေးဦးဒဏ်ရာရခဲ့ပါတယ်။
ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ ပေါက်တော၊ အမ်း၊တောင်ကုတ်စတဲ့မြို့နယ်တွေကို စစ်ကော်မရှင်တပ်ပစ်ခတ်တိုက်ခိုက်လို့ သေဆုံး၊ ဒဏ်ရာရရကြတာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့နယ်ကတဦး၊ ကျောက်ဖြူမြို့နယ်က ခြောက်ဦး၊ ပေါက်တောမြို့နယ်ကတဦး၊ ပုဏ္ဏားကျွန်းမြို့နယ်ကငါးဦးနဲ့ သံတွဲမြို့ကတဦး၊ စုစုပေါင်း ဆယ့်လေးဦးသေဆုံးခဲ့ပါတယ်။
အဲဒီအထဲမှာ ကလေးအမျိုးသမီးငယ်နှစ်ဦး၊ ကလေးအမျိုးသားငယ်လေးဦး၊ စုစုခြောက်ဦး၊ အမျိုးသမီးငါးဦးနဲ့အမျိုးသား သုံးဦးပါဝင်ပါတယ်။
အဲဒီအပြင်ရသေ့တောင်မြို့နယ်ကနှစ်ဦး၊ ကျောက်ဖြူမြို့နယ်ကနှစ်ဆယ်ဦး၊ ပေါက်တောမြို့နယ်ကနှစ်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်ကကိုးဦး၊ အမ်းမြို့နယ်က တဦး၊စုစုပေါင်းသုံးဆယ်လေးဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ဆယ်ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး နေအိမ်အများအပြားလည်း ပျက်စီးခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြည်သူတွေ၊ မြို့ရွာ၊ စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်း၊ ဘုန်းတော်ကြီးကျောင်း၊ လူနေအဆောက်အအုံကြီးတွေကို စစ်ကော်မရှင်တပ်ဟာ သူရဲဘောကြောင်စွာ နေ့စဉ် ရက်ဆက် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒါကြောင့်အာရက္ခဒေသအတွင်းနေ မိဘပြည်သူတွေလည်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း၊ ရေကြောင်းလက်နက်ကြီး၊ ဒရုန်းတွေတိုက်ခိုက်မှုရန်ကို အရင်ထက်ပိုမိုသတိထားကြဖို့ စစ်ရေးသတိအပြည့်အဝနေ့၊ ညအချိန်မရွေးရှိကြဖို့ အထူးအသိပေးတိုက်တွန်းထားပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်အပါအဝင် တဆယ့်ငါးမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေသလို စစ်တွေမြို့နယ်မှာလည်း စစ်ရေးတင်းမာနေကြပါတယ်။






