Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၂၃။
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်မှာ ကျေးရွာတွေကိုမီးရှို့ပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ သုံးဦးသေဆုံးသွားပြီး အများအပြားအရှင်ဖမ်းမိခဲ့တယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ဒီဇင်ဘာလ ၂၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၂၀ မှ အင်အားရှစ်ဆယ်ကျော်နဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကြောင်းထိုးကာ သြဂကျေးရွာနဲ့ အာမခံကျေးရွာတွေမှ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးပြီးတဲ့နောက် ညောင်ပင်သာရွာကိုရောက်ရှိနေချိန် ကောလင်းခရိုင်တပ်ရင်း ၄ ဒုတပ်ရင်းမှူးငရဲဦးစီးတဲ့ တပ်ရင်းရဲဘော်တွေ၊ ဝန်းသိုမြို့နယ် ပကဖ တိုက်ခိုက်ရေးရဲဘော်တွေ၊ ဒရုန်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကာ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးလည်း ကျဆုံးသွားတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာလ ၂၁ရက် နေ့လည် ၂နာရီလောက်မှ ာကျောက်တိုင်ကုန်းအထိုင်စခန်းထဲကို ဆုတ်ခွာသွားကြတယ်လို့ဆိုပါတယ်။








