Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၁၆။
မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ် လာ ၁၂၁ သန်းကူညီပေးဖို့ အမေရိကန်လွှတ်တော်မှ ဇန်နဝါရီလ ၁၅ ရက်နေ့က ဥပဒေအတည်ပြုလိုက်ပါတယ်။
အဲဒီအကူအညီဟာ ၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးခွဲဝေချထားမှုဥပဒေကို ထောက်ခံမဲ ၃၄၁ မဲ၊ ကန့်ကွက်မဲ ၇၉ မဲနဲ့ အတည်ပြုခဲ့တာပါ။
အမေရိကန်အောက်လွှတ်တော်က ဇန်နဝါရီလ ၁၄ ရက်နေ့မှာ H.R. 7006 ခေါ် ဘဏ္ဍာရေးဝန်ဆောင်မှုတွေ၊ အထွေထွေအစိုးရ၊ အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဆက်စပ်အစီအစဉ်တွေဆိုင်ရာဥပဒေအရဖြစ်ပါတယ်။
အဲဒီဥပဒေထဲမှာ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်း အကူအညီပေးဖို့ အတည်ပြုခဲ့တာပါ။
အဲဒီအထဲက အမေရိကန်ကဒေါ်လာ ၇၅သန်းကို ထိုင်းနိုင်ငံနဲ့အိန္ဒိယနိုင်ငံရှိ နယ်စပ်ဖြတ်ကျော်အကူအညီပေးရေးလုပ်ငန်းတွေမှာ သုံးမယ်လို့ ဆိုပါတယ်။
နောက်ပြီးမြန်မာနိုင်ငံအတွင်း အုပ်ချုပ်ရေး၊ ဖက်ဒရယ်စနစ်ဖော်ဆောင်ရေးအတွက် ဒေါ်လာ ၁၀ သန်းပေးမယ်လို့ ဆိုပါတယ်။
အဲဒီ ၁၀ သန်းဟာ ဒေသန္တရ၊ ပြည်နယ်အဆင့်အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေ၊ ဖက်ဒရယ်စနစ်ဖော်ဆောင်ရေးအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေတားဆီးရေး၊ သက်သေအထောက်အထားတွေထိန်းသိမ်းရေး၊ လူမျိုးတုံးသတ်ဖြတ်မှု၊ အကြမ်းဖက်မှုတားဆီးရေး၊ သက်သေအထောက်အထားတွေ မှတ်တမ်းတင်သိမ်းဆည်းရေးအတွက် ဒေါ်လာ ၇ သန်း ထောက်ပံ့မယ်လို့ ဆိုပါတယ်။
နောက်ပြီးရိုဟင်ဂျာတွေအတွက် တရားမျှတမှုဖော်ဆောင်ရေးအဖြစ် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုတွေအတွက် တရားမျှတမှု၊ တာဝန်ခံမှုရှိစေရေးအတွက် ဒေါ်လာ ၁ သန်းပေးမယ်လို့ ဆိုပါတယ်။
မြန်မာ့စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေအတွက် ဒေါ်လာ ၂၅ သန်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေအတွက် ဒေါ်လာ ၁ ဒသမ ၅ သန်း၊ တပ်မတော်သားတွေCDM တွေ ဒေါ်လာ ၁ ဒ သမ ၅ သန်းပေးမယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူလူထုသိန်းနဲ့ချီပြီး အိမ်နီးချင်းနိုင်ငံတွေကို အသက်လုထွက်ပြေးနေကြသလို ဖမ်းဆီးထောင်ချသတ်ဖြတ်ခံနေကြရတာတွေလည်း နေ့စဉ်ရှိနေပါတယ်။
အဲဒီအပြင်လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေလည်း နေ့စဉ်ပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေစစ်ဘေးရှောင်နေကြရပြီး နိုင်ငံတကာလူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေကြပါတယ်။






