Border News Agency
မူးမြို့၊ ဇန်နဝါရီ ၁၆။
ခလယ်လွီထူခရိုင်၊မူးမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး၊ ဒရုန်း၊ မြေမြုပ်မှိုင်းတွေကြောင့် ပြည်သူလေးဦးသေဆုံးပြီး ရှစ်ဦးကိုအတင်းအဓမ္မဖမ်းဆီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဇန်နဝါရီလ ၁၇ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီနတ်လောင်းကျေးရွာကို ဇန်နဝါရီလ ၁၃ ရက်နေ့က စစ်ကော်မရှင်တပ်ရဲ့ခမရ ၄၃၉ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးပစ်ခတ်လို့ အသက်လေးဆယ်အရွယ် ကိုမိုးဝင်းဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်ဇီးဖြူခင်ကျေးရွာကို ဒရုန်းနဲ့တိုတိုက်ခိုက်လို့ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် မောင်ကုလားကြီး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်စစ်ကြောင်းဟာ သနှီးခေါင်းကျေးရွာမှ အသက်ခြောက်ဆယ်ငါးနှစ်အရွယ် ဦးအောင်မြင့်၊ အသက်ခြောက်ဆယ်ငါးနှစ်အရွယ် ဒေါ်အေးညွှန့်၊ အသက်ငါးဆယ်ငါးနှစ်အရွယ်ဦးမြင့်စိုး၊ အသက်နှစ်အရွယ်ဦးငြိမ်းငြိမ်း၊ အသက်ဆယ့်ရှစ်နှစ်အရွယ် မပြည့်ပြည့်သူ၊ အသက်ဆယ့်ငါးနှစ်အရွယ်မပြည့်ဇင်မိုး၊ အသက်လေးဆယ်အရွယ်ကိုမိုးကျော်နဲ့ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် မထက်ထက်ဦးတို့ကို အတင်းအဓ္ဓမဖမ်းဆီးပြီး ပဲနွယ်ကုန်းရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း ဘုရားကုန်းကျေးရွာကို စစ်ကော်မရှင်စစ်ကြောင်း ဝင်ရောက်ပြီး မြေမြုပ်မိုင်းတွေ ထောင်ထားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို ထောင်ထားခံတာကြောင့် အသက်ခုနှစ်ဆယ်အရွယ် ဦးသောင်းမြင့်၊ အသက်ခုနှစ်ဆယ်အရွယ် ဒေါ်သန်းအေးနဲ့ အသက်ဆယ့်ခြောက်နှစ်အရွယ် နေဆန်းလင်းတို့ မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီမူးမြို့နယ် စစ်တောင်းမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကော်မရှင်တပ်ကလက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက်ပစ်ခတ်နေလို့ အပြစ်မဲ့အရပ်သားပြည်သူတွေဟာ လုပ်ငန်းခွင်နဲ့ နေအိမ်တွေမှာ မနေရဲဘဲ အသက်အန္တရာယ်ကိုစိုးရိမ်ကြောက်ရွံ့နေကြတယ်လို့ဆိုပါတယ်။






