Border News Agency
ကျောက်ဖြူ၊ ဇန်နဝါရီ ၁၈။
ကျောက်ဖြူမြို့နယ်ထဲက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့နေရာကို ဇန်နဝါရီလ ၁၈ ရက်၊ ညအချိန်မှာစစ်ကော်မရှင်တပ်လေကြောင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်လို့ အမျိုးသမီးနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီ ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေးကျေးရွာအနီး ကမ်းခြေဖက်ကို စစ်ကော်မရှင်တပ်က လေကြောင်းမှဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့သလို အသေခံဒရုန်း (Suicide Drone) လေးစီး၊ စစ်သင်္ဘောတွေကလည်း လက်နက်ကြီးလေးလုံးပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုရည်ရွယ်ချက်ရှိရှိပစ်ခတ်လို့ စစ်ဘေးရှောင်နေတဲ့ အသက်လေးဆယ်သုံးနှစ်အရွယ် ဒေါ်မစန်းရွှေနဲ့ အသက်လေးဆယ်အရွယ်ဒေါ်ခင်စန်းဦးတို့ သေဆုံးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီအပြင် သေဆုံးသွားတဲ့ ဒေါ်မစန်းရွှေရဲ့ မိခင်ဖြစ်သူမှာလည်း ခါးနဲ့ပေါင်တွေမှာဗုံးစထိမှန်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတာကြောင့် အရေးပေါ်ဆေးကုသမှု ခံယူနေရပါတယ်လို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီ ကျောက်ဖြူမြို့နယ်၊ သဖန်းချောင်းရွာထဲကို ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ရဲ့စစ်သင်္ဘောတွေက ရွယ်ရည်ချက်ရှိရှိလက်နက်ကြီးပစ်ခတ်လို့ စစ်ရှောင်လင်မယားနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူအပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေကိုစစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။






