အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြဋ္ဌာန်းလိုက်တဲ့ “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ” ဟာ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမှာဖြစ်ပြီး အချုပ်အခြာအာဏာကို စစ်အုပ်စုထံ အပြီးတိုင်အပ်နှင်းလိုက်တဲ့ အစီအမံသာဖြစ်တယ်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) ကဖေဖော်ဝါရီလ၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီဥပဒေကို စစ်ခေါင်းဆောင်က ဥပဒေပြုလွှတ်တော်မစတင်မီဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ကိုယ်တိုင်လက်မှတ်ထိုး ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ဒါဟာတိုင်းရင်းသားအားလုံးရဲ့ အချုပ်အခြာအာဏာကို စစ်အုပ်ချုပ်ရေးအောက်ရောက်သွားစေကာ ဖက်ဒရယ်ဒီမိုကရေစီ ရှင်သန်မှုကို ဟန့်တားလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင် ပြဋ္ဌာန်းလိုက်တဲ့ဥပဒေအရ အတိုင်ပင်ခံကောင်စီဟာနိုင်ငံတော်ရဲ့ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ငြိမ်းချမ်းရေးနဲ့ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စရပ်တွေကို အကြံပေးတာနဲ့ ညှိနှိုင်းဆောင်ရွက်တာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရှေ့နေများကောင်စီကတော့ အဲဒီလို “ညှိနှိုင်းဆောင်ရွက်ခြင်း” ဆိုတဲ့ စကားရပ်ဟာနိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေမှာ အတိုင်းအဆမရှိ ဝင်ရောက်စွက်ဖက်တာဖြစ်သလို စစ်အုပ်စုအာဏာရှင်စနစ်ကြီးစိုးရေးအတွက်သာ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
အဲဒီအပြင် အနာဂတ်ရွေးကောက်ပွဲတွေကနေ ပေါ်ပေါက်လာမယ့် လွှတ်တော်၊ အစိုးရနဲ့ တရားစီရင်ရေး အဖွဲ့အစည်းအားလုံးအပေါ် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီက ဝင်ရောက်စွက်ဖက်ပြီး လွှမ်းမိုးချုပ်ကိုင်ခွင့် ရယူလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဥပဒေအရ လာမယ့်အစိုးရသစ်မှာ တက်လာမယ့် သမ္မတဟာအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌကို တာဝန်ပေးခန့်အပ်ရမှာဖြစ်ပြီး အဲဒီဥက္ကဋ္ဌကနိုင်ငံတော်ရဲ့ အရေးကြီးကိစ္စတွေကို စီမံခန့်ခွဲရာမှာ အဓိကပါဝင်ပတ်သက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
ဒီဥပဒေဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့ တပ်ချုပ်ရာထူးကို မစွန့်လွှတ်ဘဲ နိုင်ငံတော်အာဏာကို ဘက်ပေါင်းစုံကနေ ဆက်လက်ချုပ်ကိုင်ထားနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင် ပြဋ္ဌာန်းလိုက်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။






