စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်တို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်ဘက်က ၁၀၁ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကော်မရှင်ဘက်က ၉၆ ဦး သေဆုံးခဲ့သလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တာပါ။
အဲဒီစစ်ဆင်ရေးကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခုဖေဖော်ဝါရီလအထိအာရက္ခတပ်တော် (AA)၊PDF၊ ပကဖတို့ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီး ကန့်ဘလူခရိုင်အတွင်းက ကိုးတောင်ဘို့၊ ပေကြီး၊ ငှက်ပျောတိုင်းနဲ့ အင်တိုင်းရွာစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကောလင်းဘက်က ထွက်လာတဲ့ စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်ရဲ့ ခလရ ၃၀၅၊ ခမရ ၃၆၁ နဲ့ ပျူစောထီး ပူးပေါင်းအင်အားတွေကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့တာပါ။
အဲဒီသိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ လက်နက်မျိုးစုံ ၁၈၇ လက်၊ ကျည်ဆန် ၂ သောင်းကျော်နဲ့ ဗုံးသီး ၅၀၀ ကျော် ပါဝင်ပြီး စစ်သုံးပစ္စည်းအများအပြားကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။






