ရန်ကုန်မြို့မှာရှိတဲ့ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာ အေလီယို ဒီ ရိုဆာရီယို ဖာနန်ဒက်စ် (Mr. Elio de Jesus Rosario Fernandes) ကို လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ထက်နောက်မကျဘဲ မြန်မာနိုင်ငံကနေ ထွက်ခွာသွားဖို့ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ၁၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
တီမောလက်စ်တေ အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတာကြောင့် အခုလို သံတမန်ရေးအရ အရေးယူရတာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ တီမောလက်စ်တေ သမ္မတဟာ မြန်မာစစ်တပ်အရာရှိတွေကို တရားစွဲဆိုဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတခုရဲ့ ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလုပ်ရပ်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ မူဝါဒကို ချိုးဖောက်တာဖြစ်သလို အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာဟာ လက်ခံနိုင်စရာမရှိဘူးလို့ စစ်ကော်မရှင်ဘက်က ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီလ၂၉ ရက်နေ့က လာအိုနိုင်ငံမှာကျင်းပတဲ့ အစည်းအဝေးတုန်းကလည်း စစ်ကော်မရှင်ဘက်က ကန့်ကွက်ခဲ့သလို တီမောလက်စ်တေဘက်က ရှင်းလင်းချက်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။
ဒါပေမယ့် တီမောလက်စ်တေဘက်က တရားဝင်ရှင်းလင်းချက် မပေးတဲ့အပြင် မြန်မာနိုင်ငံက အဖွဲ့အစည်းအချို့နဲ့ ဆက်လက်ထိတွေ့နေတာကြောင့် အခုလို သံတမန်ကို နှင်ထုတ်တဲ့အထိ ဖြစ်လာတာပါ။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံအချင်းချင်း တန်းတူရည်တူရှိရေးနဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ မူဝါဒတွေကို လေးစားလိုက်နာဖို့ တီမောလက်စ်တေဘက်ကို အမြဲတစေ သတိပေးခဲ့တယ်လို့လည်းဆိုပါတယ်။
အတယ်လို့ တီမောလက်စ်တေဘက်က သူတို့ရဲ့ ရပ်တည်ချက်တွေကို မပြောင်းလဲဘူးဆိုရင် နောက်ထပ် ပိုမိုပြင်းထန်တဲ့ အစီအမံတွေကို ထပ်မံလုပ်ဆောင်သွားမယ်လို့လည်း စစ်ကော်က သတိပေးထားပါတယ်။






