Border News Agency
ထိုင်း၊ ဖေဖော်ဝါရီ ၁၈။
ထိုင်း – ကမ္ဘောဒီးယားနယ်စပ်၊ ပရဲဝိဟဲပြည်နယ်အနီး ရှေ့တန်းမျက်နှာပြင်မှာ ကမ္ဘောဒီးယားစစ်သားတွေက တောမီးကို တမင်ရှို့ခဲ့တာကြောင့် ဘုန်းကြီးကျောင်းပါ မီးကူးစက်တဲ့ဖြစ်စဉ်တခု ဖေဖော်ဝါရီ ၁၇ ရက်က ဖြစ်ပွားခဲ့ပါတယ်။
မီးရှို့မှုစတင်ပြီးနောက် ညနေ ၃ နာရီခွဲခန့်မှာ လေဦးတည်ချက်ရုတ်တရက်ပြောင်းလဲသွားတာကြောင့် မီးတောက်တွေဟာ ကမ္ဘောဒီးယားဘက်က ကင်းစခန်းနဲ့ဘုန်းကြီးကျောင်းဝင်းအတွင်းအထိ ကူးစက်လောင်ကျွမ်းခဲ့တာပါ။
ညနေ ၅ နာရီကျော်မှာလည်း ထပ်မံမီးရှို့ခဲ့ရာ မီးခိုးတွေထိုင်းဘက်ခြမ်းကို လွင့်ပါလာတာကြောင့် ကမ္ဘောဒီးယားစစ်သားတွေက ဝမ်းသာအားရကခုန်ခဲ့ကြတယ်လို့ စစ်ဘက်သတင်းအရ သိရပါတယ်။
ထိုင်းစစ်သားတွေကတော့ မိမိတို့ဘက်ခြမ်းက သံဆူးကြိုးတွေဆီ မီးမကူးစက်အောင် မီးတားလမ်းတွေပြုလုပ်ငြှိမ်းသတ်ခဲ့ရသလို နယ်စပ်ရှိအဆောက်အအုံတွေ မီးမလောင်အောင် လူသားချင်းစာနာမှုနဲ့ ကူညီပေးခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နောက်ပိုင်း ဆမ်တဲနယ်မြေမှာ နှစ်ဖက်စစ်သားတွေတွေ့ဆုံခဲ့ကြပြီး နယ်စပ်တည်ငြိမ်ရေးနဲ့ မီးဘေးကာကွယ်ရေးအတွက် အပြုသဘောဆောင် ညှိနှိုင်းခဲ့ကြပါတယ်။
နယ်စပ်ဒေသမှာ အခုလိုတောမီးရှို့မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်အပြင် အိုးအိမ်၊ ဘာသာရေးအဆောက်အအုံတွေပါ ထိခိုက်နိုင်တဲ့အတွက် နှစ်ဖက်စစ်တပ်အကြား ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။






