Border News Agency
နေပြည်တော်၊ မတ် ၇။
အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အီရန်၊အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ရေးတင်းမာမှုတွေအပေါ် စစ်ခေါင်းဆောင်က ဘယ်နိုင်ငံကိုမှနာမည်တပ်ဝေဖန်တာမျိုးမလုပ်ဘဲ လွန်စွာစိုးရိမ်ပူပန်တယ်လို့ ထုတ်ပြန်ပါတယ်။
ခုဖြစ်ပေါ်နေတဲ့ တိုက်ခိုက်မှုတွေအတွက် စိုးရိမ်မိသလို၊ပဋိပက္ခမှာပါဝင်နေတဲ့ နိုင်ငံတွေအနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး၅ ရပ်အတိုင်း သံတမန်နည်းလမ်းနဲ့ အဖြေရှာကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် နိုင်ငံတိုင်းရဲ့အချုပ်အခြာအာဏာကို အပြန်အလှန် လေးစားကြဖို့လည်း ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင်ဟာ ပုံမှန်အားဖြင့် နိုင်ငံတကာအရေးအခင်းတွေမှာ သူတို့ရဲ့ မဟာမိတ်ရုရှားနဲ့တရုတ်တို့ဘက်က ရပ်တည်လေ့ရှိပေမယ့် အခုအီရန်စစ်ပွဲမှာတော့ အမေရိကန်နဲ့ အစ္စရေးကို တိုက်ရိုက်ဝေဖန်တာမျိုး မရှိတာကို တွေ့ရပါတယ်။
အီရန်ဟာ စစ်ခေါင်းဆောင်ဆီ လေယာဉ်ဆီလျှို့ဝှက်ရောင်းချပေးနေတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဟာ အီရန်နဲ့ စစ်ရေးအရ ဆက်ဆံရေးရှိနေပေမယ့် အမေရိကန်နဲ့ အစ္စရေးကိုနာမည်တပ်ဝေဖန်လိုက်ရင် သူတို့အပေါ် နိုင်ငံတကာဖိအားတွေ ပိုတိုးလာမှာကို စိုးရိမ်နေတာလို့ နိုင်ငံရေးလေ့လာသူတွေကဆိုကြပါတယ်။






