Border News Agency
မြောက်ဦး၊ ဧပြီ ၁၁။
အာရက္ခပြည်သူလူထုကိုဦးတည်တိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်တပ်လေကြောင်းရန်ကို အာရက္ခတပ်တော်ကြံဆကြိုးစားနေတယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ဧပြီလ ၁၀ရက်၊ မနေ့က ၁၇ နှစ်ပြည့်သွားပြီး အဲဒီနေ့သဝဏ်လွှာမှာတပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အသိပေးထားတာပါ။
“ငါတို့မှာလည်း ပြည်သူတွေကို လေကြောင်းအန္တရာယ်တွေက လုံလောက်အောင်ကာကွယ်ပေးနိုင်ဖို့အတွက် နည်းပညာနဲ့ရုပ်ဝတ္ထုပစ္စည်းလက်လှမ်းမမီနိုင်တဲ့ကြားကာလကို ဖြတ်သန်းနေရပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေက ကိုယ့်ပြည်သူတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် ငါတို့အာရက္ခတပ်တော့ နေ့စဥ်အချိန်တိုင်းကြံဆကြိုးစားနေပါတယ်။”လို့ အာရက္ခတပ်တော်တပ် မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်သဝဏ်လွှာမှာအသိပေးထားပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကိုအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ကျောက်ဖြူနဲ့စစ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ အာဏာသိမ်းစစ်တပ်ကကြည်းရေလေပူးပေါင်းခုခံနေပါတယ်။
အဲဒီအပြင် ”ခုကာလဟာစစ်ပွဲကာလ၊ အဖက်ဖက်ကခက်ခဲမှုပေါင်းစုံနဲ့ဖြတ်သန်းနေကြရတဲ့ ကာလဖြစ်တယ်။ ရန်သူဟာ စစ်မြေပြင်စစ်ပွဲတွေမှာလက်နက်ကရိယာနည်းပညာတွေ အဖက်ဖက်ကသာလွန်ပေမယ့် ငါတို့ရဲ့သတ္တိ၊ ခွန်အား၊ စိတ်ဓာတ်၊ နည်းပရိယာယ်၊ ဥာဏ်ပညာတွေကို မယှဥ်ပြိုင်နိုင်တဲ့အခါ ရန်သူအကြမ်းဖက်ဖက်ဆစ်တပ်ဟာ အပြစ်မဲ့ပြည်သူတွေကို လေကြောင်းကသူရဲဘောကြောင်စွာ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်နေတုန်းပါ။”လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပြောင်းအလဲလုပ်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေပိုမိုပြုလုပ်နေပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုတွေမှာ တိုက်လေယာဥ်တွေအများအပြား တပြိုင်တည်းလာရောက်တိုက်ခိုက်နေသလို ဗုံးအလုံးရေအများအပြားကြဲချတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။
အဲဒါကြောင့်အရပ်သားပြည်သူတွေအပါအဝင် အာရက္ခတပ်တော်ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေလည်းရာနဲ့ချီသေဆုံးနေကြပါတယ်။
“အကြမ်းဖက်စကမတပ်ရဲ့လေကြောင်းအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသွားတဲ့အပြစ်မဲ့ပြည်သူတွေရဲ့ အသက်တချောင်းစီအတွက် တရားမျှတမှုရရှိအောင်ကြိုးစားသွားပါမယ်။ တရားမျှတမှုရရှိအောင်ကြိုးစားမယ်ဆိုတာကလည်း မရေမရာတဲ့နိုင်ငံတကာတရားရေးဆိုတာထက် ပိုပြီးလက်တွေ့ကျတဲ့ကိုယ့်အင်အားကိုကိုယ်ဗဟိုပြုတည်ဆောက်ပြီး အထူးတလည်ပြင်းပြင်း ထန်ထန်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။”လို့ အာရက္ခတပ်တော်တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကတိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်တာတွေ ဆက်ကျူးလွန်နေတာမို့လေကြောင်းရန်ကိုသတိထားကြဖို့လည်း အာရက္ခတပ်တော်သတိပေးထားပါတယ်။






