Border News Agency
အီရန်၊ ဧပြီ ၂၀။
အမေရိကန်ဘက်က ရေတပ်နဲ့ ပိတ်ဆို့ထားတာတွေကို မရုပ်သိမ်းမချင်း ပါကစ္စတန်ကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပြီး ဆွေးနွေးဖို့ အစီအစဉ်မရှိဘူးလို့ အီရန်ဘက်ကတုံ့ပြန်လိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ညှိနှိုင်းရေးအဖွဲ့တွေ ပါကစ္စတန်ကို သွားမယ်လို့ အစောပိုင်းမှာ ကြေညာခဲ့ပေမယ့် အီရန်အစိုးရဘက်ကတော့ လက်ရှိအချိန်ထိ ဘာဆုံးဖြတ်ချက်မှ မချရသေးဘူးလို့ Tasnim သတင်းဌာနက ဖော်ပြပါတယ်။
အီရန်ဘက်က တင်းခံထားတာကတော့ သူတို့ရဲ့ ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတာတွေကို အရင်ဆုံး ရုပ်သိမ်းပေးဖို့ဖြစ်ပြီး ဒါကို မလုပ်ပေးရင် ဆွေးနွေးပွဲတွေ ဖြစ်လာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီလို အီရန်ဘက်က ပြန်ပြီးငြင်းဆိုလိုက်တာကြောင့် အမေရိကန် မျှော်လင့်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ရှေ့မတိုးနိုင်ဘဲ နှစ်ဖက်တင်းမာမှုတွေက ပိုပြီး အရှိန်မြင့်လာနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။






