Border News Agency
ရန်ကုန်၊ ဧပြီ ၂၄။
မြန်မာနိုင်ငံဟာ လက်ရှိမှာ မျိုးဆက်တခုလုံးကို ဆုံးရှုံးသွားနိုင်တဲ့အလွန်စိုးရိမ်ဖွယ် အခြေအနေကို ရောက်ရှိနေပြီလို့ ကုလသမဂ္ဂဆိုင်ရာကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အစည်းအဝေးတခုမှာ ပြောကြားလိုက်ပါတယ်။
ဧပြီလ ၂၃ ရက်နေ့က ပြုလုပ်တဲ့ စီးပွားရေးနဲ့လူမှုရေးကောင်စီ အစည်းအဝေးမှာ သူကခုလိုထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီအလုပ်အကိုင် အခွင့်အလမ်း ကျဆင်းတာနဲ့ ကျွမ်းကျင်လုပ်သားတွေ ပြည်ပထွက်ခွာနေတာတွေကြောင့် လူသားအရင်းအမြစ်တွေ ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ ပျက်စီးယိုယွင်းလာတာဟာ မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အလားအလာတွေကို ဆိုးရွားစွာ ထိခိုက်စေလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာကို ကိုးကားပြီး သူက ထောက်ပြထားပါတယ်။
စစ်ကော်မရှင်တပ်နဲ့ဆက်နွယ်တဲ့ အဖွဲ့တွေဟာ အွန်လိုင်းငွေကြေးလိမ်လည်မှုအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို အကာအကွယ်ပေးနေတာကြောင့် တရားမဝင် ငွေကြေးစီးဆင်းမှုတွေ တိုးပွားလာနေတယ်လို့လည်းဆိုပါတယ်။
မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ကြိုးပမ်းမှုတွေကို နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဝိုင်းဝန်းပံ့ပိုးပေးဖို့နဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် ကူညီပေးကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။






