Border News Agency
မကွေး၊ဇွန် ၇။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ဟာ ဇွန်လ ၅ ရက်နေ့က နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်တွေနဲ့အတူ သံတမန်ဆိုင်ရာ ရှင်းလင်းတင်ပြပွဲကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ်အသွင်ကူးပြောင်းရေးကာလ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်ပါတယ်။
အဲဒီရှင်းလင်းပွဲမှာ SCEF ကိုယ်စားလှယ်တွေက နိုင်ငံတဝှမ်း ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ပေါင်းစည်းညီညွတ်မှုရရှိရေးရဲ့ အရေးပါမှုနဲ့ ရေရှည်တည်တံ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ် တည်ဆောက်နိုင်မယ့် အခြေအနေတွေပေါ်ထွက်လာဖို့ SCEF ရဲ့ လုပ်ဆောင်ချက်တွေကို မျှဝေခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာ့အကျပ်အတည်းဟာ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေမျှသာ မဟုတ်ဘဲ နက်ရှိုင်းတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ရပ် ဖြစ်တာကြောင့် အုပ်ချုပ်ရေး၊ တရားဝင်မှု၊ ကိုယ်စားပြုမှုနဲ့ ရေရှည်တည်ငြိမ်ရေးဆိုင်ရာ မေးခွန်းတွေကို ဖြေရှင်းနိုင်မယ့် ချဉ်းကပ်မှုတွေ လိုအပ်တယ်လို့ထောက်ပြခဲ့ကြပါတယ်။
နောက်ပြီးအရပ်သားတွေကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေလက်လှမ်းမီရရှိရေးနဲ့ ပဋိပက္ခရဲ့ မူလဇစ်မြစ်ကို မဖြေရှင်းနိုင်ရင် ရေရှည်တည်ငြိမ်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မှာမဟုတ်သလို အနှစ်သာရပြည့်ဝတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုနဲ့ ကျယ်ပြန့်တဲ့ ပါဝင်မှုတွေကို အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။
ခုရှင်းလင်းပွဲဟာ ဒေသတွင်း၊နိုင်ငံတကာ မိတ်ဖက်တွေနဲ့ထိတွေ့ဆက်ဆံရေး မြှင့်တင်ဖို့ လုပ်ဆောင်ချက်တခု ဖြစ်ပြီး အဲဒီပွဲသို့ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ကိုယ်စားလှယ်တွေနဲ့နိုင်ငံတကာအဖွဲ့အစည်းအချို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။






