Border News Agency
တာ့ခ်၊ ဇူလိုင် ၁၇။
ထိုင်း-မြန်မာနယ်စပ်၊တာ့ခ်ခရိုင်၊ဝမ်ချောင်းမြို့နယ်၊ဘန်ဖာဖူးကျေးရွာအနီးမှာ နာရဲစွမ်တပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက မသင်္ကာဖွယ် မော်တော်ယာဉ် နှစ် စီးကို ဝင်ရောက်စစ်ဆေးခဲ့ရာကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား နှစ်ဆယ့်သုံးဦးနဲ့ ထိုင်းယာဉ်မောင်း နှစ် ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီ ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေထဲမှာ အမျိုးသားဆယ့်လေးဦးနဲ့ အမျိုးသမီးကိုးဦး ပါဝင်ပြီး သူတို့ဆီမှာ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင်ခွင့် အထောက်အထား တစုံတရာ မတွေ့ရှိခဲ့ရပါဘူး။
ဖမ်းဆီးခံရတဲ့ ထိုင်းယာဉ်မောင်း နှစ်ဦးရဲ့ ဝန်ခံချက်အရ သူတို့ဟာ မြန်မာနိုင်ငံသားတွေကို ကမ်ဖန်ဖတ်ပြည်နယ်အထိ ပို့ဆောင်ပေးဖို့ တဦးကို ဘတ်ငါးကနေတထောင်အထိ အခကြေးငွေယူကာ သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
မြန်မာလုပ်သားတွေဟာ နယ်စပ်သဘာဝလမ်းကြောင်းတွေကနေတဆင့် တရားမဝင် ဝင်ရောက်လာပြီး လမ်းခရီးမှာ ကားအဆင့်ဆင့်ပြောင်းစီးလာစဉ် အခုလို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ အရေးယူနိုင်ဖို့ ဝမ်ချောင်းရဲစခန်းကို လွှဲပြောင်းထားပြီး ဒီမှောင်ခိုဂိုဏ်းနဲ့ ဆက်နွှယ်နေတဲ့ ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ် ဖမ်းဆီးသွားမယ်လို့ သိရပါတယ်။

















