Border News Agency
စစ်တကောင်း၊ စက်တင်ဘာ ၃။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောသို့ တရားမဝင်မှောင်ခိုတင်ပို့ဖို့ကြိုးပမ်းတဲ့ ကာလတန်ဖိုး ဘင်္ဂလားဒေ့ရှ်တာကာ ငါးသိန်းငါးသောင်းနီးပါးတန်ဖိုးရှိ ဓာတ်မြေဩဇာတွေ၊ကုန်တင်ကားတစီးနဲ့အတူ မှောင်ခိုကူးသူသုံးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်က စက်တင်ဘာလ ၃ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဖမ်းဆီးမှုကို စက်တင်ဘာလ ၂ ရက်နေ့ မနက်စောစော ၄ နာရီအချိန် စစ်တကောင်းမြို့၊ဟာလီရှာဟာ ရဲစခန်းပိုင်ဒေါ်ဘီရ်ခါးလ်ဧရိယာမှာ လျှို့ဝှက်သတင်းအရ ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်က သွားရောက်စစ်ဆေးခဲ့တာပါ။
အဲဒီကုန်တင်ကားပေါ်မှ ငါးဖမ်းလှေဆီ၊ဓာတ်မြေဩဇာတွေတရားမဝင်ပြောင်းရွှေ့တင်ဆောင်နေချိန် လက်ဝယ်ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီဓာတ်မြေဩဇာအိတ်နှစ်ရာနှစ်ဆယ် (ကီလိုဂရမ် တသောင်းတထောင်)ပါဝင်ပြီး ဖမ်းမိသူသုံး ဦးနဲ့ ကုန်တင်ကားကို ဆက်အရေးယူနိုင်ဖို့ ဟာလီရှာဟာ ရဲစခန်းဆီလွှဲပြောင်းထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် ပြန်ကြားရေးအရာရှိ လုဖ်တင်နန့်ကွန်မန္ဒာ ဆက်ဘီးရ် အာလမ် ဆူဂျွန်က နယ်စပ်မှောင်ခိုမှုတွေပပျောက်စေရေးအတွက် စစ်ဆေးရေးတွေဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။










