Border News Agency
နော်ဝေ၊စက်တင်ဘာ ၁၆။
မြန်မာနိုင်ငံအတွင်းလူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်မှု၊ဒဏ်ခတ်ပိတ်ဆို့မှုတွေချိုးဖောက်မှုတို့နဲ့ တယ်လီနော ASA ကို နော်ဝေရဲတပ်ဖွဲ့က စွဲချက်တင်အရေးယူမှုအပေါ် Justice For Myanmar (JFM) နဲ့ ICJ Norway တို့က ကြိုဆိုလိုက်ပါတယ်။
နော်ဝေရဲတပ်ဖွဲ့ဟာ စက်တင်ဘာလ ၁၅ ရက်နေ့မှာစွဲချက်တွေကိုတင်သွင်းခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲတယ်လီနော ASA ရဲ့ ရုံးခန်းကို ဝင်ရောက်စီးနင်းရှာဖွေခဲ့တာပါ။
အဲဒီအရေးယူမှုဟာ JFM နဲ့ ICJ Norway တို့က ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလမှာ နော်ဝေရဲတပ်ဖွဲ့ဆီ စတင်တိုင်ကြားခဲ့ပြီးနောက် ပေါ်ပေါက်လာတာဖြစ်ပြီး ၂၀၂၅ ခုနှစ်အောက်တိုဘာလမှာလည်း အထက်အဆင့်တရားစွဲဆိုရေး အာဏာပိုင်တွေဆီ ထပ်မံတိုးချဲ့တိုင်ကြားခဲ့တာဖြစ်ပါတယ်။
တယ်လီနောဟာ မြန်မာနိုင်ငံကထွက်ခွာချိန်မှာ ပိတ်ဆို့အရေးယူခံစောင့်ကြည့် ထောက်လှမ်းရေးပစ္စည်းတွေကို စစ်တပ်နဲ့ဆက်နွှယ်သူတွေထံလွှဲပြောင်းပေးခဲ့တဲ့အပြင် အရေးကြီးအချက်အလက်တွေကိုပါ မျှဝေပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
အဲဒီအချက်အလက်တွေလွှဲပြောင်းပေးခဲ့တာကြောင့် စစ်အုပ်စုရဲ့မတရား ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊သတ်ဖြတ်မှုတွေနဲ့ ကွပ်မျက်မှုတွေကို အားပေးကူညီရာ ရောက်ခဲ့တဲ့အတွက် တယ်လီနောမှာတာဝန်ရှိတယ်လို့ JFM က ထောက်ပြထားတာပါ။
လက်ရှိမှာ နော်ဝေရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေစတင်လာတဲ့အတွက် ဝမ်းမြောက်မိပြီး အမှန်တရားပေါ်ပေါက်ရေးနဲ့ တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ICJ Norway နဲ့ JFM တို့က ထုတ်ပြန်ထားပါတယ်။










