Border News Agency
မတူပီ၊ နိုဝင်ဘာ ၁၉။
ချင်းပြည်သူ့အစည်းအရုံး၊ချင်းပြည်သူ့တပ်မတော် (CPU/CPA) နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့တွေ တွေ့ဆုံဆွေးနွေးပွဲကို ချင်းပြည်မှာ နှစ်ရက်ကြာကျင်းပပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေ ပူးပေါင်းချမှတ်နိုင်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီတွေ့ဆုံပွဲကို နိုဝင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး CPU/CPA နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့တွေက ဥက္ကဋ္ဌအဖွဲ့တွေ၊ အတွင်းရေးမှူးအဖွဲ့တွေနဲ့ စစ်ဘက်ဆိုင်ရာ တပ်မှူးကြီးတွေ စုစုပေါင်းလေးဆယ်ဦး တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲအတွင်း တော်လှန်ရေး ခြောက်နှစ်တာကာလအတွင်း ချင်းပြည်လွတ်မြောက်ရေးနဲ့ ခုခံတွန်းလှန်စစ်လုပ်ငန်းတွေဆောင်ရွက်ရာမှာ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို နှစ်ဖက်တာဝန်ရှိသူတွေက ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအပြင် ချင်းပြည်လွတ်မြောက်ရေးအတွက် ခုခံတွန်းလှန်စစ်တွေကို နည်းလမ်းပေါင်းစုံနဲ့ အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်သွားဖို့ နှစ်ဖက်သဘောတူညီခဲ့ကြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ပေါ်ပေါက်လာတဲ့ ချင်းလက်နက်ကိုင်အဖွဲ့အစည်းတွေ စုစည်းညီညွတ်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို အခြားမဟာမိတ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။






